တရုတ်ခြိမ်းခြောက်မှု တုံ့ပြန်ရေးအတွက် အမေရိကန်နှင့်ဂျပန် စစ်ရေးပူးပေါင်းဆောင်ရွက်မည်

တရုတ်အင်အားကြီးထွားလာမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို သောကြာနေ့တွင် အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဒေသတွင်း မတည်မငြိမ်ဖြစ်စေမှုများအပေါ် နှစ်နိုင်ငံ ပူးပေါင်းတွန်းလှန်သွားရန်လည်း ကတိပြုခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြသည်။

By DMG 07 Jan 2022

ဓာတ်ပုံ - Reuters

တရုတ်အင်အားကြီးထွားလာမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို သောကြာနေ့တွင် အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဒေသတွင်း မတည်မငြိမ်ဖြစ်စေမှုများအပေါ် နှစ်နိုင်ငံ ပူးပေါင်းတွန်းလှန်သွားရန်လည်း ကတိပြုခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြသည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံများ၏ နှစ်ဘက် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ အွန်လိုင်းတွေ့ဆုံမှုအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက်၌ ထိုင်ဝမ်အပေါ် တင်းမာမှုများ ပိုရှိလာနေသည့် တရုတ်အရေးအား ပိုမိုသတိထားရန် လိုအပ်လာမှုနှင့်အတူ ဂျပန်၏ လုံခြုံရေးအခန်းကဏ္ဍကို အလေးထားရန် လိုအပ်လာမှုကို မီးမောင်းထိုး ဖော်ပြထားသည်။

“တရုတ်၏လုပ်ရပ်များအား တားမြစ်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်ပါက ဒေသတွင်း မငြိမ်မသက် ဖြစ်စေမှုများကို တုံ့ပြန်ရန်” အဖြေရှာခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ပြည် ရှင်ကျန်းနှင့် ဟောင်ကောင်ဒေတို့၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အပေါ် အထူးအလေးထားပြီး စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်ကြောင်း နှစ်နိုင်ငံဝန်ကြီးများက ပြောကြားသလို ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် အရေးပါကြောင်းလည်း ပြောကြားသွားသည်။

ပြီးခဲ့သော ကြာသပတေးနေ့တွင်လည်း ဂျပန်သည် သြစတြေးလျနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်ကမူ ၎င်းသုံးနိုင်ငံလုံးအပေါ် ပြင်းထန်စွာ တုံ့ပြန်ပြောကြားထားသည်။

“တရုတ်ရဲ့ပြည်တွင်းရေးအပေါ် အမေရိကန်၊ ဂျပန်နဲ့ တရုတ်တို့ ဝင်ရောက်စွက်ဖက်မှု၊ တရုတ်နဲ့ပတ်သက်လို့ သတင်းမှားတွေ လုပ်ဇာတ်ခင်းပြောဆိုမှုနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ စည်းလုံးညီညွန်မှုနဲ့ အပြန်အလှန် ယုံကြည်မှုကို ဖျက်ဆီးနေတဲ့အပေါ် ကျွန်တော်တို့ အံ့သြတုန်လှုပ်မိသလို လုံးဝ ဆန့်ကျင်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဝန်ဝမ်ဘင်းက ဘေကျင်း၌ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဂျပန်သည် တရုတ်နှင့် စီးပွားရေးအရ အနီးကပ်ဆက်ဆံရေး ရှိထားသော်လည်း အခြားတစ်ဘက်တွင်မူ ထိုင်ဝမ်ကျွန်းဆွယ်အပေါ် တရုတ်၏ တင်စီးသည့်လုပ်ရပ်များ မြင့်တက်လာမှုအပေါ် အထူးစိုးရိမ်လျက်ရှိသည်။

ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အသံထက်ငါးဆ ပိုမြန်သည့် ဟိုက်ပါဆိုးနစ်လက်နက်များ အပြိုင်အဆိုင် ဖန်တီးနေကြပြီး မြောက်ကိုရီးယားသည်လည်း ယခုသီတင်းပတ်အတွင်း ဟိုက်ပါဆိုးနစ် ဒုံးလက်နက် စမ်းသပ်ပတ်လွှတ်ခဲ့ကာ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့သည်ဟု မြောက်ကိုရီးယား ရုပ်သံက ထုတ်လွှင့်သည်။

ဂျပန်သည် ဟိုက်ပါဆိုးနစ်လက်နက်များအား ပစ်မှတ်ထားဖျက်ဆီးနိုင်သည့် လျှပ်စစ်သံလိုက်သေနတ် ရရှိအောင် ကြိုးစားနေသည်။

“ကျွန်တော်တို့အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းမှုအပါအဝင် ရရှိသမျှ အခွင့်အလမ်းအားလုံး ကြံဆပြီး ဒုံးလက်နက်ကာကွယ်ရေး စွမ်းရည်ကို အင်အားမြှင့်တင်ဖို့ လိုအပ်ပါနေပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကိရှိက သတင်းထောက်များအား ပြောကြားခဲ့သည်။