- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အိန္ဒိယဘုရားရှိခိုးကျောင်းတွင် မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူ ၁၅၀ ကျော် ဒဏ်ရာရ
အိန္ဒိယနိုင်ငံရှိ ဘုရားရှိခိုးကျောင်းတစ်ခုတွင် မီးရှူးမီးပန်းပေါက်ကွဲမှုများဖြစ်ပွားပြီး ယင်းဖြစ်စဉ်ကြောင့် လူ ၁၀၀ ကျော် ဆေးရုံတင်ထားရကာ ၈ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း AFP က ဖော်ပြထားသည်။
29 Oct 2024
DMG ၊ အောက်တိုဘာ ၂၉
အိန္ဒိယနိုင်ငံရှိ ဘုရားရှိခိုးကျောင်းတစ်ခုတွင် မီးရှူးမီးပန်းပေါက်ကွဲမှုများဖြစ်ပွားပြီး ယင်းဖြစ်စဉ်ကြောင့် လူ ၁၀၀ ကျော် ဆေးရုံတင်ထားရကာ ၈ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း AFP က ဖော်ပြထားသည်။
အိန္ဒိယရဲတပ်ဖွဲ့သည် အောက်တိုဘာလ ၂၉ ရက်(အင်္ဂါနေ့)တွင် မီးရှူးမီးပန်းပေါက်ကွဲမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ လူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်၊ နီလက်ရှ်ဝါရမ်းရှိ ဟိန္ဒူဘုရားကျောင်းတစ်ဝိုက်တွင် တနင်္လာနေ့ ညနေပိုင်းက မီးရှူးမီးပန်းများကို ကြည့်ရှုရန် ရာနှင့်ချီသောလူများ စုဝေးခဲ့ကြောင်း အိန္ဒိယသတင်းစာများက ဗီဒီယိုဖိုင်များလွှင့်တင်ကာ ဖော်ပြခဲ့ကြသည်။
ထို့နောက်တွင် အဆောက်အအုံတစ်ခုအတွင်းမှ အင်အားပြင်းသောမီးလုံးကြီးတစ်ခု ကောင်းကင်ထက်ဆီသို့ လွင့်ပျံတက်မသွားခင်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ကြရသည်။
"လူ ၈ ယောက်လောက်က အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ၁၅၄ ယောက် လောက် ဒဏ်ရာရသွားတယ်လို့ သတင်းရရှိထားပြီး အဲဒီအထဲကမှ ၉၇ ယောက်ကို ဆေးရုံတင်ထား ရပါတယ်"ဟု ဒေသခံရဲချုပ် ရှီးလ်ပါး ဒယာဗီးယား က AFP သို့ ပြောကြားသည်။
"မီးရှူးမီးပန်းတွေ သိုလှောင်သိမ်းဆည်းထားတဲ့နေရာနဲ့ အရမ်းနီးကပ်လွန်းတဲ့နေရာမှာ မီးပန်းဖောက်ခဲ့ကြတာ"ဟု ဒယာဗီးယားက ပြောကြားခဲ့ပြီး ပေါက်ကွဲသည့်နေရာမှ မီးရှူးမီးပွားစများမှာ မီးရှူးမီးပန်း သိုလှောင်သိမ်းဆည်းထားသောနေရာသို့ ကျရောက်သွားခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသွားခဲ့သည်။
မီးပွားများသည် ကျပ်သိပ်နေသည့် လူအုပ်ထဲသို့ ကျရောက်သွားသည့်အတွက် လူများ၏မျက်နှာများနှင့် လက်များကို လောင်ကျွမ်းမှုဖြစ်ပွားသွားခဲ့သည်ဟု အာဏာပိုင်များ၏အသိပေးမှုကို ကိုးကား၍ အိန္ဒိယ သတင်းမီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။
မီးရှူးမီးပန်းပြပွဲအတွက် ခွင့်ပြုချက်ပေးအပ်ထားခြင်း မရှိကြောင်း ဒေသခံအစိုးရအရာရှိ ကေအင်ဘေ့စ်ခါးက ပြောကြားသည်။ ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘုရားကျောင်းဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဟိန္ဒူသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။