နိုင်ငံ၏မြို့တော်ကို ဘော်နီယိုသို့ ပြောင်းရွှေ့နေရာချထားမည့်ဥပဒေ အင်ဒိုနီးရှား အတည်ပြု

နိုင်ငံ၏မြို့တော်ကို ဂျကာတာမြို့မှ ဘော်နီယိုကျွန်းပေါ်ရှိ ကာလီမန်တန်ပြည်နယ်၏ သစ်တောထူထပ်သည့် ဧရိယာတစ်ခုသို့ ပြောင်းရွှေ့နေရာချထားမည့် ဥပဒေကြမ်းတစ်ခုကို အင်ဒိုနီးရှား ပါလီမန်က အတည်ပြုပေးခဲ့သည်ဟု စီမံရေးရာဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားသည်။

20 Jan 2022

ဓာတ်ပုံ - Bloomberg file photo

DMG ၊ ဇန်နဝါရီ ၂၀

နိုင်ငံ၏မြို့တော်ကို ဂျကာတာမြို့မှ ဘော်နီယိုကျွန်းပေါ်ရှိ ကာလီမန်တန်ပြည်နယ်၏ သစ်တောထူထပ်သည့် ဧရိယာတစ်ခုသို့ ပြောင်းရွှေ့နေရာချထားမည့် ဥပဒေကြမ်းတစ်ခုကို အင်ဒိုနီးရှား ပါလီမန်က အတည်ပြုပေးခဲ့သည်ဟု စီမံရေးရာဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားသည်။

သမ္မတ ဂျိုကိုဝီဒိုဒို၏ ကြီးမားသောရည်မှန်းချက်ဖြစ်သည့် ဒေါ်လာ ၃၂ ဘီလီယံကုန်ကျမည့် မဟာစီမံကိန်းအတွက် ဥပဒေမူဘောင်ကို ပံ့ပိုးပေးမည့် ပြည်နယ်မြို့တော်သစ် ဥပဒေတွင် မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ ရန်ပုံငွေထားရှိ၍ အုပ်ချုပ်မည်ကို ပြဋ္ဌာန်းထားသည်။

မြို့တော်သစ်သည် အချက်အချာကျပြီး နိုင်ငံ၏ အမှတ်အသား ပြယုဂ်တစ်ခုဖြစ်သည့်အပြင် စီးပွားရေးအချက်အချာသစ် တစ်ခုလည်းဖြစ်သည်ဟု အင်္ဂါနေ့က ဥပဒေကြမ်းကို ဥပဒေအဖြစ်အတည်ပြုပြီးနောက် စီမံရေးရာဝန်ကြီး ဆူဟာဆို မိုနိုအာဖာက လွှတ်တော်သို့ပြောကြားခဲ့သည်။

သမ္မတက ထိုအင်ဒိုနီးရှားကျွန်းစုအတွက် ရွေးချယ်ထားသော ဂျာဗားအမည်ဖြစ်သည့် “နူဆန်တာရာ” ဟု မြို့တော်သစ်ကို ခေါ်ဆိုမည်ဟု မိုနိုအာဖာက တနင်္လာနေ့က ကြေညာသည်။

ရေကြီးမှု၊ လေထုညစ်ညမ်းမှုနှင့် လူနေထူထပ်မှု ခံစားနေကြရသော လူ ၁၀ သန်းကျော်နေထိုင်သည့် အလွန်စည်ကားသော မြို့ကြီးတစ်မြို့ဖြစ်သည့် ဂျကာတာမြို့မှ အစိုးရအဖွဲ့အား ပြောင်းရွေ့ရန် သမ္မတအများစုက ကြိုးပမ်းခဲ့ကြသော်လည်း ယခုအခြေအနေကဲ့သို့ မည်သူကမှ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

သမ္မတဂျိုကိုဝီသည် ထိုအစီအစဉ်ကို ၂၀၁၉ ခုနှစ်တွင် စတင်ကြေညာခဲ့သော်လည်း ကမ္ဘာ့ကူးစက်ကပ်ရောဂါကြောင့် လုပ်ဆောင်မှုများမှာ နှောင့်နှေးခဲ့ရသည်။

အရှေ့တောင်အာရှ၏ စီးပွားရေး အကြီးမားဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် မြို့တော်သစ်ကို ဂျာဗားကျွန်းဆွယ်တစ်လျောက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးပြီး ဆေးဝါး၊ ကျန်းမာရေးနှင့် နည်းပညာကဏ္ဍများကိုပါ အထောက်အပံ့ပေးနိုင်မည့် ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့နည်းသည့် မဟာအချက်အချာ နေရာတစ်ခုအဖြစ် မျှော်မှန်းထားသည်။