အင်ဒိုနီးရှားတွင် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်အထိ စံချိန်တင်

ကျန်းမာရေးစနစ်တစ်ခုလုံး မနိုင်မနင်း ဖြစ်နေသည်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ တစ်ကျော့ပြန် ပြင်းထန်နေသည့် အင်ဒိုနီးရှားနိုင်ငံ၌ ဗုဒ္ဓဟူးနေ့ အစောပိုင်း ၂၄ နာရီအတွင်း သေဆုံးသူစုစုပေါင်း တစ်ထောင်ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 08 Jul 2021

ဓာတ်ပုံ - AFP

DMG ၊ ဇူလိုင် ၈

ကျန်းမာရေးစနစ်တစ်ခုလုံး မနိုင်မနင်း ဖြစ်နေသည်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ တစ်ကျော့ပြန် ပြင်းထန်နေသည့် အင်ဒိုနီးရှားနိုင်ငံ၌ ဗုဒ္ဓဟူးနေ့ အစောပိုင်း ၂၄ နာရီအတွင်း သေဆုံးသူစုစုပေါင်း တစ်ထောင်ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဘလွန်းဘက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နေ့စဉ် သေဆုံးသူစုစုပေါင်းသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ငါးရာဝန်းကျင်သာ ရှိခဲ့ရာမှ ဗုဒ္ဓဟူးနေ့ စာရင်းအရ ပထမဆုံးအကြိမ်အဖြစ် နှစ်ဆမြင့်တက်ကာ ၁၀၄၀ ဦးအထိ ရှိလာခဲ့သည်။ ကူးစက်မှုအသစ် စုစုပေါင်းမှာ မှတ်တမ်းအရ ၂၄၃၇၉ ရှိခဲ့သည်။

ခန့်မှန်း တွက်ချက်မှုအရ အင်ဒိုနီးရှားတွင် အဆိုးဆုံးအနေအထားအဖြစ် တစ်နေ့တာ ကူးစက်မှု ၇ သောင်းအထိ ရှိလာပါက နိုင်ငံ၏ စီးပွားရေးပါ လှုပ်ခတ်လာမည်ဟု ဂျာဗားနှင့် ဘာလီကျွန်းဆွယ်များတွင် ကူးစက်မှု အခြေအနေကို လေ့လာနေသူ လူဟက်ဘင်စာပန်ဂျိုက်တန်က ဆိုသည်။

လူဦးရေအထူထပ်ဆုံး ဒေသများဖြစ်သည် ဂျာဗားနှင့် ဘာလီကျွန်းဆွယ်များတွင် ကူးစက်မှု တဟုန်ထိုး မြင့်တက်လာနေသဖြင့် အင်ဒိုနီးရှားတွင် အစိုးရသည် ကိုဗစ် ထိန်းချုပ်ရေး စည်းကမ်းများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လျက်ရှိသည်။

အောက်ဆီဂျင်လိုအပ်ချက် ပြတ်လတ်မှု မဖြစ်ပေါ်စေရန်အတွက် ပြည်ပမှ အောက်ဆီဂျင် မှာယူတင်သွင်းမှုများကို ယခုသီတင်းပတ်မှ စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း အစိုးရက ပြောကြားထားသည်။

ဒေသတွင်း ဒယ်လ်တာအမျိုးအစား ကိုဗစ်မျိုးစိတ် ကူးစက်မှုကို နှေးကွေးသွားစေရေးအတွက် သွားလာလှုပ်ရှားမှုများအား ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန် လိုအပ်ကြောင်း ပန်ဂျိုက်တန်က အကြံပြုသည်။
လက်ရှိကူးစက်မှုစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်ှမှာ အိန္ဒိယတွင် အကြီးအကျယ် ဒုက္ခပေးခဲ့သည့် ကူးစက်မြန် ဒယ်လ်တာ ကိုဗစ်မျိုးစိတ် ဖြစ်သည်။

ပြည်သူ သန်း ၂၇၀ ရှိသည့် အင်ဒိုနီးရှားတွင် အစိုးရသည် ၂၀၂၁ ခုနှစ် အစောပိုင်းထက် နောက်မကျဘဲ လူဦးရေ သန်း ၁၈၀ အထိ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ရန် ရည်ရွယ် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူစုစုပေါင်းမှာ ၆ သောင်းကျော် ရှိကာ ကူးစက်မှုစုစုပေါင်းမှာ ၂ သန်းကျော် ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာတစ်ဝန်း ကိုဗစ် ကူးစက်မှု ပမာဏကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးနေသည့် Worldometer ဝက်ဘ်ဆိုက်ရှိ အချက်အလက်များ အရ သိရသည်။