အမေရိကန် ဒုသမ္မတ ကာမာလာဟဲရစ် သြဂုတ်လအတွင်း ဗီယက်နမ်နှင့် စင်္ကာပူသို့ သွားရောက်မည်

အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတ ကာမာလာဟဲရစ်သည် သြဂုတ်လအတွင်း ဗီယက်နမ်နိုင်ငံသို့ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်လိုက်သည်။

01 Aug 2021

ဓာတ်ပုံ - Reuters

အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတ ကာမာလာဟဲရစ်သည် သြဂုတ်လအတွင်း ဗီယက်နမ်နိုင်ငံသို့ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်လိုက်သည်။

အဆိုပါခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံသို့လည်း သွားရောက်မည် ဖြစ်ကာ တရုတ်၏ လွှမ်းမိုးမှုကို တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံတကာ၏ ထောက်ခံမှု ရရှိရန် ရည်ရွယ်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“သမ္မတဘိုင်ဒန်နှင့် ဒုသမ္မတဟဲရစ်တို့သည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားကြပြီး နိုင်ငံ၏ လုံခြုံရေးကို ထိန်းသိမ်းလျှက်ရှိပါသည်။ ယခု ခရီးစဉ်သည်လည်း ထိုလုပ်ဆောင်ချက်ကို ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။” ဟု ဟဲရစ်၏ ခရီးစဉ်နှင့် ပတ်သက်၍ အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

ခရီးစဉ် အချိန်ဇယား အသေးစိတ်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။ စီစဉ်နေဆဲဖြစ်ကြောင်း သံတမန်များက ပြောကြားသည်။

ခရီးစဉ်အတွင်း ဒေသတွင်း လုံခြုံရေး၊ ကိုဗစ်-၁၉ နှင့် ဥတုရာသီ ပြောင်းလဲမှုအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုနှင့်  စည်းမျှဉ်းစည်းကမ်းအပေါ် အခြေခံသည့် နိုင်ငံတကာ အခင်းအကျင်းကို မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးသွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ် ဆိုင်မွန်ဆန်းဒါးက ပြောကြားသည်။

အမေရိကန်၏ ရန်သူဟောင်း ဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင်း တရုတ်၏ နယ်မြေပိုင်ဆိုင်မှု စွပ်စွဲချက်များအား ထိပ်တိုက်ရင်ဆိုင်ရေးတွင် အမေရိကန်အတွက် အဓိကကျသည့် မိတ်ဖက် ဖြစ်လာနေသည်။

အမေရိကန်သည် ပြီးခဲ့သော တနင်္ဂနွေနေ့က မော်ဒန်နာ ကိုဗစ်ကာကွယ်ဆေး ၃ သန်းကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့သည်။

ဒုသမ္မတ၏ ခရီးစဉ်သည် ဝါရှင်တန်၏ အရှေ့တောင်အာရှ အပေါ် ထားရှိသည့် သဘောထားကို အလေးထားဖော်ပြရာ၌ အထူးအရေးပါမည် ဖြစ်ကာ ကိုဗစ်ဒဏ်ကို အလူးအလဲ ရင်ဆိုင်နေရသည့် အရှေ့တောင်အာရှ ဒေသ၌ အမေရိကန်၏ ကိုဗစ်ကာကွယ်ဆေးကို ပိုမိုဝယ်ယူလာနိုင်ခြေ ရှိနေကြောင်းလည်း လေ့လာသူများက သုံးသပ်ကြသည်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းသည်လည်း ပြီးခဲ့သော မေလအတွင်း အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီး ဇွန်လတွင် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်ခဲ့ကာ ယခုလတွင် တရုတ်နှင့် မတွေ့ဆုံမီ၌လည်း မွန်ဂိုးလီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။

သမ္မတဂျိုးဘိုင်ဒန်သည် တရုတ်အား ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်နေခြင်းအပေါ် ယခုသီတင်းပတ်၌ မီးမောင်းထိုး ဖော်ပြခဲ့သည်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် “ကမ္ဘာ့ အင်အားအကြီးဆုံး စစ်တပ် ဖြစ်လာရေး၊ ၂၀၄၀ အလွန်နှစ်များအတွင်း ကမ္ဘာ့ အထင်ရှားဆုံး စီးပွားရေး ဖြစ်လာရေးအတွက် အသည်းအသန် ကြိုးစားနေသည်” ဟု သူက ပြောကြားခဲ့သည်။