ထိုင်ဝမ် လေကြောင်းကာကွယ်ရေးဇုန် အတွင်းသို့ တရုတ်စစ်လေယာဉ် ၃၉ စီး ကျူးကျော်ဝင်ရောက်

ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန် အတွင်းသို့ ဇန်နဝါရီလ ၂၃ ရက်နေ့က တရုတ်စစ်လေယာဉ် ၃၉ စီး ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By DMG 24 Jan 2022

တရုတ်ဗုံးကြဲလေယာဉ် H-6K တစ်စီးနှင့် ယှဉ်လျက်ပျံသန်းနေသော ထိုင်ဝမ်တိုက်လေယာဉ် F-16 တစ်စီးအား ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန)

ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန် အတွင်းသို့ ဇန်နဝါရီလ ၂၃ ရက်နေ့က တရုတ်စစ်လေယာဉ် ၃၉ စီး ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အများစုမှာ တိုက်လေယာဉ်များဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် တစ်ရက်တည်းနှင့် အများဆုံးကျူးကျော်မှုဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ကာကွယ်ရေးဇုန်သို့ ဝင်ရောက်လာသော တရုတ်ဂျက်လေယာဉ် ၃၉ စီးအား ခြေရာခံရန်အတွက် ဒုံးကျည်များ လွှတ်တင်ခဲ့ရပြီး သတိပေးရန်အတွက် ထိုင်ဝမ်ဘက်မှလည်း လေယာဉ်များ စေလွှတ်ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြည်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

ယခုကျူးကျော်မှုတွင် J-16 တိုက်လေယာဉ် ၂၄ စီး၊ J-10 တိုက်လေယာဉ် ၁၀ စီးနှင့် နျူကလီးယားလက်နက် သယ်ဆောင်နိုင်စွမ်းရှိသည့် H-6 ဗုံးကြဲလေယာဉ်တစ်စီးတို့ ပါဝင်သည်။ J-16 တိုက်လေယာဉ်များသည် ထိုင်ဝမ်လေကြောင်းကာကွယ်ရေး အင်အားကို စမ်းသပ်ရန် တရုတ်တို့ အသုံးပြုသည့် တိုက်လေယာဉ်များဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

တရုတ်တို့သည် ထိုင်ဝမ်ကို တရုတ်အစိတ်အပိုင်းမဟုတ်ဘဲ သီးခြားလွတ်လပ်သော အချုပ်အခြာအာဏာပိုင်ဖြစ်အဖြစ် ယူဆသည့် သမ္မတစိုင်အင်ဝမ် ၂၀၁၆ ခုနှစ်တွင် တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ဖိအားများ တိုးမြှင့်ခဲ့သည်။

တရုတ်သည် ဒီမိုကရေစီစနစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ် သတ်မှတ်ထားကာ ပြန်လည်ရယူရေးအတွက် လိုအပ်လာလျှင် အင်အားသုံးမည်ဟုလည်း ပြောကြားထားသည်။

၂၀၂၁ အောက်တိုဘာလ ၄ ရက်နေ့တွင် တရုတ်စစ်လေယာဉ် ၅၆ စီးအထိ ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ ဝင်ရောက်ကျူးကျော်ခဲ့သည်။ ဇန်နဝါရီလ ၂၃ ရက် တနင်္ဂနွေနေ့က ကျူးကျော်မှုသည် ဒုတိယအများဆုံး ပမာဏဖြစ်သည်။