- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တရုတ်-အမေရိကန် သမ္မတနှစ်ဦး ဖုန်းခေါ်ဆိုမှု နောက်ကွယ်
တရုတ်နှင့် အမေရိကန်တို့သည် အကြီးမားဆုံးသော ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအမြင့်ဆုံးနိုင်ငံများ အသီးသီးဖြစ်ကြရာ နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းစွာထိန်းသိမ်းနိုင်မည်လော ဆိုသည်မှာ ကမ္ဘာ့အနာဂတ်တွင် အရေးပါနေကြောင်းနှင့် ထိုအရာမှာ နှစ်နိုင်ငံလုံးအနေဖြင့် အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ထုတ်ပေးရမည့် “ရာစုနှစ်၏ပုစ္ဆာတစ်ခု” ဖြစ်နေကြောင်း တရုတ်သမ္မတက ထောက်ပြပြောဆိုခဲ့သည်။
25 Sep 2021

DMG ၊ စက်တင်ဘာ ၂၅
(ဘာသာပြန်ဆောင်းပါး)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင်းဖျင်တို့ စက်တင်ဘာလ ၁၀ ရက်နေ့က မိနစ် ၉၀ ကြာ တယ်လီဖုန်းခေါ် ဆိုမှုကို “ရင်းနှီးပွင့်လင်းမှု” အဖြစ် နှစ်ဖက်မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။ သို့သော် ထိုဆွေးနွေးမှုအတွင်း သဘောတူညီချက်တစ်စုံတရာ ထွက်ပေါ်ခြင်းတော့ မရှိခဲ့ပေ။
သမ္မတဘိုင်ဒင်ဖက်မှ ရှီကျင်းဖျင်ထံသို့ ဖုန်းစတင် ခေါ်ဆိုခဲ့ကြောင်း၊ အကြောင်းမှာ အမေရိကန်တွင် ကိုဗစ်-၁၉ ကူးစက်မှု တဖန်မြင့်တက်လာခြင်း၊ Ida မုန်တိုင်းကြောင့် လူဝီဆီယားနားပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ခြင်းနှင့် အမေရိကန်တပ် ပြန်ရုတ်သိမ်းသည့် အာဖဂန် နစ္စတန်ရှိ ကာဘူးလေဆိပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့မှုတို့မှာ သမ္မတဘိုင်ဒန်၏ပုံရိပ်ကို များစွာထိခိုက်မှုရှိလာသောကြောင့် ဖြစ်နိုင်ကြောင်း မကြာသေးမီက တရုတ်ပညာရှင်တစ်ဦးကို တွေ့ဆုံမေးမြန်း ထားသော CCTV ပင်တိုင် ဆောင်းပါးရှင်တစ်ဦးက သုံးသပ်ရေးသားထားသည်။
တစ်ဘက်တွင်လည်း ဘိုင်ဒန်အစိုးရသည် တရုတ်အထောက်အပံ့များနှင့် အမေရိကန်စီးပွားရေးတွင် တရုတ်တို့၏ ဆုံးရှုံးမှုများကို စုံစမ်းစစ်ဆေးမှုအသစ်တစ်ခု စတင် လုပ်ဆောင်ခြင်းဖြင့်လည်းကောင်း၊ တရုတ်သွင်းကုန် များအပေါ်တွင် အခွန် ပိုမိုစည်းကြပ်နိုင်ရန် စည်းမျဉ်းသစ်များချမှတ်ခြင်းဖြင့် လည်းကောင်း တရုတ်နှင့် ကုန်သွယ်ရာတွင် ဖိအားပေးရန်စီစဉ်လုပ်ဆောင်နေကြောင်း ပြည်ပ မီဒီယာများ တွင်ဖော်ပြကြသည်။ ထို့ပြင် အိမ်ဖြူတော်မှလည်း ဝါရှင်တန်ရှိ အမေရိကန် ကိုယ်စားလှယ်ရုံးကို “တိုင်ပေ စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာကိုယ်စားလှယ်ရုံး (TECRO)” မှ “ထိုင်ဝမ်ကိုယ်စားလှယ်ရုံး” အဖြစ် အမည်ပြောင်းလဲရန် စီစဉ်လျက်ရှိသည်။
တရုတ်သမ္မတရှီကျင်းဖျင်နှင့် ဂျိုးဘိုင်ဒန်တို့အကြား ယခုတစ်ကြိမ်ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်သည် ဖေဖော်ဝါရီလအတွင်းက ဖြစ်သည်။ ဘိုင်ဒန်အစိုးရ၏ တာဝန်ရှိသူများက ယခင် အစည်းအဝေးများတွင် မီဒီယာနှင့် ဝါဒဖြန့်ချိရေးတာဝန်ခံ တရုတ်အငယ်တန်း အရာရှိများနှင့်သာ တွေ့ဆုံခဲ့ရသောကြောင့် နှစ်ဖက်အကြေအလည် ဆွေးနွေးခွင့် မသာခဲ့ကြောင်း ပြောဆိုလေ့ရှိသော်လည်း နောက်ဆုံးသမ္မတနှစ်ဦး တယ်လီဖုန်း ဆက်သွယ်မှုကိုမူ “လေးစားမှု” နှင့် “ရင်းနှီးပွင့်လင်းမှု” ရှိကြောင်း ပြောဆိုကြသည်။
ရှီကျင်းဖျင်နှင့်ဘိုင်ဒန်တို့သည် နက်ရှိုင်းပြီးကျယ်ပြန့်သော မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပွင့်လင်း စွာဆွေးနွေးခဲ့ကြောင်းနှင့် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် ဆက်စပ်၍လည်း အမြင်များ ဖလှယ်ခဲ့ကြကြောင်း ရှင်ဟွာသတင်းဌာနပိုင် အကောင့်တစ်ခုတွင် သောကြာနေ့နံနက်ပိုင်းက ရေးသားထားသည်ကို တွေ့ရသည်။
တရုတ်နှင့် အမေရိကန်တို့သည် အကြီးမားဆုံးသော ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအမြင့်ဆုံးနိုင်ငံများ အသီးသီးဖြစ်ကြရာ နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းစွာထိန်းသိမ်းနိုင်မည်လော ဆိုသည်မှာ ကမ္ဘာ့အနာဂတ်တွင် အရေးပါနေကြောင်းနှင့် ထိုအရာမှာ နှစ်နိုင်ငံလုံးအနေဖြင့် အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ထုတ်ပေးရမည့် “ရာစုနှစ်၏ပုစ္ဆာတစ်ခု” ဖြစ်နေကြောင်း တရုတ်သမ္မတက ထောက်ပြပြောဆိုခဲ့သည်။
သမ္မတ ရှီကျင်းဖျင်က “တောင်တန်းတွေ၊ ရေတွေရှိတဲ့ နေရာတစ်ခုသို့ လမ်းလျှောက်သွားချိန်မှာ ထွက်ရပ်လမ်းမရှိနိုင်ဘူးလို့ သင်တွေးကောင်းတွေးနေလိမ့်မယ်။ ဒါပေမဲ့ မိုးမခပင်ရိပ်အောက်မှာ ပန်းတွေ ထုံမွှန်းနေအောင်ပွင့်ပြီး လင်းထိန်နေတဲ့ ရွာလေးတစ်ရွာကို သင်ရုတ်တရက် တွေ့လိမ့်မယ်” ဟု တောင်ပိုင်း ဆွန်မင်းဆက်အုပ်စိုးစဉ်ကာလ (၁၁၂၅-၁၂၀၉) အတွင်း ပေါ်ထွန်း ခဲ့သည့် တရုတ်ကဗျာဆရာ လူယို၏ ကဗျာတစ်ပိုဒ်ကို ကိုးကားပြောဆိုခဲ့သည်။
ရှီကျင်းဖျင်က ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကူးစက် ရောဂါတားဆီးရေး နှင့် စီးပွားရေးပြန်လည်မြှင့်တင်ရေး ကိစ္စရပ်တို့တွင် နှစ်နိုင်ငံအကြား သက်ဆိုင်ရာဌာနတို့မှ ပိုမိုတိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး တွေ့ဆုံညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံ၏ အဓိကစိုးရိမ်မှုကို နောက်တစ်နိုင်ငံက လေးစားကာ နိုင်ငံတကာနှင့် ဒေသတွင်းပြဿနာများကို ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် “Yuyuan Tantian” ကလောင်အမည်ဖြင့် ရေးသားထားသည့် ဆောင်ပါးရှင်တစ်ဦး၏ ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်ကို CCTV က ဖော်ပြခဲ့သည်။ အမေရိကန်-တရုတ် တံခါးပိတ်အစည်းအဝေးများ၏ သတင်းဓာတ်ပုံများ၊ အထူးသတင်းများစွာ တင်လေ့ရှိသည့် အဆိုပါ “Yuyuan Tantian” အမည်ရှိ ဝီဘို (Weibo) အကောင့်ကို ၂၀၁၉ ခုနှစ် မတ်လတွင် ဖွင့်ထားခဲ့ကြောင်း တွေ့ရသည်။ အကောင့်တွင် ဖော်ပြထားသည့် ကိုယ်ရေးအကျဉ်းအရ “Yuyuan Tantian” သည် “ဝါရင့် နိုင်ငံရေးနှင့် စီးပွားရေး သတင်းထောက်” အမျိုးသမီးတစ်ဦးဖြစ်ပြီး စီးပွားရေး ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရထားသူ ဖြစ်ကြောင်း သိရသည်။ CCTV က ဝီဘို အကောင့်သည် သတင်းဌာနပိုင်ဖြစ်ကြောင်း မကြာခင်က ထုတ်ဖော်ဝန်ခံထားသည်။
တရုတ်သည် အမေရိကန်အနေဖြင့် အမှန်တကယ် လက်တွဲဆောင်ရွက်လိုခြင်း ရှိသလော သို့မဟုတ် တခြား ရည်ရွယ်ချက် ရှိနေသည်လောဆိုသည်ကို ဝေခွဲမရဖြစ်နေကြောင်း “Yuyuan Tantian” ကဆိုသည်။ ဘိုင်ဒန်သည် ယခုနှစ် အစောပိုင်း တွင် တရုတ်အပေါ် သူ၏စိတ်ရင်းအမှန်ကို ပြသခဲ့သော်လည်း လက်ရှိ လုပ်ရပ်များနှင့် တခြားစီဖြစ်နေကြောင်း Yu ကဆိုသည်။
ဆောင်းပါးရှင်က အမေရိကန်သည် တရုတ်ကို ဗျူဟာမြောက်ပြိုင်ဘက်အဖြစ် သတ်မှတ်ထားပြီး အမေရိကန်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ချိနဲ့စေရန် ကြိုးပမ်းနေသူနှင့် နိုင်ငံတကာကို လွှမ်းမိုးနိုင်ရန် အားထုတ်နေသူအဖြစ် ရှုမြင်နေခြင်းမှာ အဓိကဗျူဟာမြောက် အလွဲတစ်ခု ဖြစ်ကြောင်း Fudan တက္ကသိုလ် အမေရိကန်လေ့လာရေးစင်တာမှ ညွှန်ကြားရေးမှူးဖြစ်သူ ပါမောက္ခ Wu Xinbo ၏ ပြောကြားချက်ကို ကိုးကားရေးသားထားသည်။ မတ်လ ၁၈ ရက်နေ့ အလက်စကာ ဆွေးနွေးပွဲ မတိုင်မီ အမေရိကန်သည် ဟောင်ကောင်အရေးနှင့် စပ်လျဉ်း၍ တရုတ်ကို ပိတ်ဆို့အရေးယူမှုအသစ်များကို ချမှတ်ခဲ့ကြောင်း သူက စွပ်စွဲရေးသားထားသည်။
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝန်ဒီရှားမန်းနှင့် ဇူလိုင် ၂၆ ရက်နေ့တွင် တွေ့ဆုံခဲ့သည့် အစည်းအဝေးအတွင်း တရုတ်နိုင်ငံအတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် “အဆုံးစွန်ထိ လိုက်လျောပေးနိုင်သည့် မူသုံးခုနှင့် တောင်းဆိုချက်နှစ်ရပ်” ကို အဆိုပြုခဲ့ကြောင်းနှင့် အမေရိကန်သည် ဆက်ဆံရေးကို ပိုမိုဆိုးဝါးသွား စေမည့် ကိစ္စရပ်များကို ရှောင်ရှားရန် လိုကြောင်းလည်း တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။
ထိုမူသုံးချက်မှာ အမေရိကန်သည် “တရုတ်၏ ဝိသေသလက္ခဏာနှင့် လျော်ညီသည့် ဆိုရှယ်လစ်စနစ်” နှင့် သွားနေသည့် လမ်းကြောင်းကို စိန်ခေါ်ခြင်း၊ ပုံဖျက်ခြင်း သို့မဟုတ် မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းမှုများ မလုပ်ဆောင်ရ။ တရုတ်၏ ဖွံ့ဖြိုးမှုဖြစ်စဉ်ကို ကြားဝင်နှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီးရန် ကြိုးပမ်းခြင်းများ သို့မဟုတ် နိုင်ငံ့အချုပ်အခြာအာဏာ (သို့) နိုင်ငံပိုင်နက်တို့ကို ထိပါးခြင်းများ မပြုလုပ်ရ။ တရုတ်၏ အဆိုပါတောင်းဆိုချက်မှာ ရှင်ကျန်း၊ တိဘက်၊ ဟောင်ကောင် နှင့် ထိုင်ဝမ်အရေးတို့ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။
တောင်းဆိုချက်နှစ်ချက်မှာ တရုတ်အရာရှိများနှင့် ၎င်းမိသားစုများကို အမေရိကန်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအားလုံး အဆုံးသတ်ပေးရန်၊ တရုတ်ကျောင်းသားများကို ဗီဇာကန့်သတ်ထား ခြင်းများကို ပြန်လည်ရုပ်သိမ်းပေးရန်နှင့် အမေရိကန်တွင် တရုတ်မုန်းတီးရေး လှုပ်ရှားမှုများ ရပ်တန့်ပေးရန်တို့ဖြစ်သည်။
အာဖဂန်တွင် ပြဿနာများကြုံတွေ့ရခြင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်မားလာခြင်းနှင့် Ida မုန်တိုင်း တိုက်ခတ်ခံရမှုတို့ကြောင့် အမေရိကန်တွင် ဘိုင်ဒန်၏ လူကြိုက်များမှုမှာ ယခုနှစ်အတွင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းခဲ့ရကြောင်း Wu က ဆိုသည်။ အမေရိကန်အနေဖြင့် “ရန်လိုမှုမှနှိမ့်ချမှု” အသွင် လေသံပြောင်းလာပြီး ပိုမိုလက်တွေ့ကျကျ လုပ်ဆောင်လာ သည့်အချိန်တွင် တရုတ်သည် ယခုအခါ အပေါ်စီးမှဖြစ်ကြောင်း Wu ကသုံးသပ်သည်။
ထို့ပြင့် တရုတ်သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သည်။ သို့သော် ထိုသို့ဆောင်ရွက်ခြင်းသည် ပါရီ သဘောတူညီချက်ကို လိုက်နာဆောင်ရွက်ရန်သာ ဖြစ်ပြီး အမေရိကန်၏ အမိန့်ကို လိုက်နာခြင်းမဟုတ်ကြောင်းလည်း သူကထပ်လောင်း ပြောဆိုခဲ့သည်။
အကယ်၍ အမေရိကန်သည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်ကိုသာ တရုတ်နှင့်ဆက်ဆံရေး အတွက် “အိုအေစစ်” တစ်ခုလို သဘောထားပြီး အခြားကဏ္ဍများအားလုံးတွင် “ကန္တာရများ”သဖွယ် သဘောထား လုပ်ဆောင်ပါက ထိုတစ်ခုတည်းသော အိုအေစစ်သည်လည်း တချိန်တွင် ကန္တာရဖြစ်သွား နိုင်ကြောင်း “Yuyuan Tantian” ကဆိုသည်။
တရုတ်-အမေရိကန် ဆက်ဆံ ဆောင်ရွက်ရမည့် အရေးပါသည့် အကြောင်းကိစ္စအားလုံးအနက်မှ ရာသီဥတု ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့်ကိစ္စ တစ်ခုတည်းကိုသာ သီးခြားဆွဲထုတ်၍ မရနိုင်ကြောင်း ထောက်ပြသည်။
ဂျိုးဘိုင်ဒန်၏ ရှီကျင်းဖျင့်နှင့် စကားပြောဆိုရန် ကမ်းလှမ်းမှုသည် အမေရိကန်အနေဖြင့် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း အချက်ပြမှုတစ်ခုဖြစ်ကြောင်း Yu ကဆိုသည်။ ထို့အပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen သည် လည်း တရုတ်နိုင်ငံသို့ လာမည့်လများအတွင်း အလည်အပတ်သွားရောက်ရန် စဉ်းစားနေကြောင်းလည်း သိရသည်။
တရုတ်အနေဖြင့် “ယခုရာစုနှစ်၏ပုစ္ဆာ” အတွက် အဖြေထုတ်ထားပေးပြီး ဖြစ်ရာ အမေရိကန်မည်သို့ မည်ပုံဖြေရှင်းမည်ကိုသာ စောင့်ကြည့်ရမည်ဟု ဆောင်းပါးကို အဆုံးသတ်ထားသည်။ အမေရိကန်အနေဖြင့် အမှန်တကယ်သာ ပူးပေါင်းလက်တွဲလိုသည် ဆိုပါက “လေလုံးထွားနေမှု” တို့ကိုရပ်ဆိုင်းပြီး တရုတ်နှင့် တွေ့ဆုံဆွေးနွေးရေး တံခါး ဖွင့်ထားရမည် ဖြစ်သည်ဟု Yu ကဆိုသည်။
မေမိုး
Asia Times တွင်ဖော်ပြထားသည့် ‘Behind the Xi-Biden phone call’ by Jeff Pao ကို ဘာသာပြန်ဆိုပါသည်။ (ရုပ်ပုံ - iStock)