သေနတ်အကြမ်းဖက်မှု ထိန်းချုပ်ရေး အစီအစဉ်အချို့ အမေရိကန်လွှတ်တော်အမတ်များ အဆိုပြုတင်သွင်း

တက္ကဆက်နှင့် နယူးယောက်ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် လူအများအပြား သေဆုံးရမှုများနောက်ပိုင်း သေနတ်အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ရန် အဆင့်များပါဝင်သည့် အဆိုပြုချက်တစ်ရပ်ကို ပါတီနှစ်ရပ်မှ လွှတ်တော်အမတ်များ ပူးပေါင်းပါဝင်သည့် အဖွဲ့တစ်ဖွဲ့က တနင်္ဂနွေနေ့တွင် တင်သွင်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

14 Jun 2022

သေနတ်ဖြင့် အကြမ်းဖက်မှုများအပေါ် အရေးယူဆောင်ရွက်ရန် ဆန္ဒဖော်ထုတ်နေသူတစ်ဦးအား ဝါရှင်တန်တွင် ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

DMG ၊ ဇွန် ၁၄

တက္ကဆက်နှင့် နယူးယောက်ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် လူအများအပြား သေဆုံးရမှုများနောက်ပိုင်း သေနတ်အကြမ်းဖက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ရန် အဆင့်များပါဝင်သည့် အဆိုပြုချက်တစ်ရပ်ကို ပါတီနှစ်ရပ်မှ လွှတ်တော်အမတ်များ ပူးပေါင်းပါဝင်သည့် အဖွဲ့တစ်ဖွဲ့က တနင်္ဂနွေနေ့တွင် တင်သွင်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မေလအတွင်းက တက္ကဆက်ပြည်နယ်ရှိ မူလတန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် ကလေး ၁၉ ဦးနှင့် ဆရာနှစ်ဦး သေဆုံးခဲ့ရသလို နယူးယောက်ပြည်နယ်တွင်လည်း စူပါမားကတ်တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး လူမည်း ၁၀ ဦး သေဆုံးခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်ပြီး တင်းကြပ်သောစည်းကမ်းများ ချမှတ်ခြင်းကို တောက်လျှောက် ပိတ်ပင်လာခဲ့သည့် ရီပါပလစ်ကန် လွှတ်တော်အမတ်များကမူ အဓိကကျသော အပြောင်းအလဲများကို ဆန့်ကျင်ကန့်ကွက်နေကြဆဲ ဖြစ်သည်။ ၎င်းတို့က သေနတ်ထက် စိတ်ကျန်းမာရေးကို အခြေခံကျသော ပြဿနာအဖြစ် ထောက်ပြလျက်ရှိသည်။

ယခုအဆိုပြုချက် အသစ်တွင် အသက် ၂၁ နှစ်အရွယ် သေနတ်ဝယ်သူများကို နောက်ခံအချက်အလက် စိစစ်မှုများ ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ရန်၊ အန္တရာယ်ရှိသူများ၏ လက်တွင်း၌ လက်နက်များမရှိရအောင် အစိုးရက အရင်းအမြစ်များ ပိုမိုအသုံးပြုဆောင်ရွက်ရန်နှင့် သေနတ်မှောင်ခိုဈေးကွက်ကို တိုက်ဖျက်ရန်တို့ ပါဝင်သည်။

ဒီမိုကရက်တစ်နှင့် ရီပါပလစ်ကန် လွှတ်တော်အမတ် ၂၀ ပူးပေါင်းပါဝင်သည့် အဖွဲ့ကယခုကဲ့သို့ အဆိုပြုချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့် စာသင်ကျောင်း လုံခြုံရေးအတွက် လိုအပ်ချက်များကိုပါ တိုးမြှင့်ထောက်ပံ့ရန် လွှတ်တော်အမတ်များက တောင်းဆိုခဲ့သည်။

ယခုကြေညာချက်ကို သမ္မတဂျိုးဘိုင်ဒန်ကလည်း ချီးကျူးပြောကြားခဲ့ပြီး မြန်မြန်ဆန်ဆန် အတည်ပြုပေးကြရန် တိုက်တွန်းခဲ့သည်။ သို့သော်လည်း ယခုအဆိုပြုချက်သည် ဖြစ်သင့်သလောက်တော့ ထိထိရောက်ရောက် မရှိသေးဟု သူကဆိုသည်။

“လိုအပ်တယ်လို့ ကျွန်တော်ထင်ထားတဲ့အရာတွေ အကုန်လုံးကိုတော့ ဒီအဆိုပြုချက်က မဆောင်ရွက်နိုင်သေးပါဘူး။ ဒါပေမဲ့ ဒါက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတာ ပြသနေပြီး ဆယ်စုနှစ်များစွာအတွင်းမှာ အရေးပါထင်ရှားဆုံး သေနတ်ကိုင်ဆောင်မှုလုံခြုံရေး ဥပဒေတစ်ရပ် ဖြစ်လာပါလိမ့်မယ်” ဟု ဘိုင်ဒန်က ကြေညာချက်တစ်ရပ်တွင် ထည့်သွင်း ပြောကြားထားသည်။

အမေရိကန်နိုင်ငံတစ်ဝန်းတွင် သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်မှုများ ခပ်စိတ်စိတ် ဖြစ်ပွားလာနေပြီး ပြည်သူအများစုက သေနတ်ကိုင်ဆောင်ခွင့်ကို တင်းကြပ်သည့်ဥပဒေများဖြင့် ထိန်းကျောင်းစေလိုသော်လည်း ကန့်ကွက်သူများလည်း ရှိနေသဖြင့် ကြီးမားသော အပြောင်းအလဲများ ဆောင်ရွက်နိုင်စွမ်း မရှိဘဲ ဖြစ်နေရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။