အင်ဒိုနီးရှားတွင် မွတ်ဆလင်များ ဒီဂျစ်တယ်ငွေကြေး (Crypto) သုံးစွဲခွင့် ဘာသာရေးကောင်စီ တားမြစ်

ဒီဂျစ်တယ်ငွေကြေး (Crypto) အား ငွေကြေးစနစ်တစ်ခုအဖြစ် သုံးစွဲမှုကို မွတ်ဆလင်များအတွက် တားမြစ်ထားကြောင်း အင်ဒိုနီးရှား ဘာသာရေးခေါင်းဆောင်များ ကောင်စီထံမှ သိရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

13 Nov 2021

သရုပ်ဖော်ပုံ - Reuters

DMG ၊ နိုဝင်ဘာ ၁၃

ဒီဂျစ်တယ်ငွေကြေး (Crypto) အား ငွေကြေးစနစ်တစ်ခုအဖြစ် သုံးစွဲမှုကို မွတ်ဆလင်များအတွက် တားမြစ်ထားကြောင်း အင်ဒိုနီးရှား ဘာသာရေးခေါင်းဆောင်များ ကောင်စီထံမှ သိရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Crypto ငွေကြေးသည် မသေချာမှု၊ လောင်းကစားမှုနှင့် ဘေးဥပါဒ်ဖြစ်စေမှုတို့နှင့် ငြိစွန်းနေသဖြင့် အစ္စလာမစ်ဥပဒေနှင့် မညီညွတ်ကြောင်း အင်ဒိုနီးရှား အမျိုးသား အူလာမားကောင်စီ (MUI) က သတ်မှတ်ကာ သုံးစွဲမှုကို တားမြစ်ထားကြောင်း ကောင်စီဥက္ကဌက ပြောကြားသည်။ ကျွမ်းကျင်သူကြားနာပွဲတစ်ရပ် ကျင်းပခဲ့ပြီးနောက် ကြာသပတေးနေ့တွင် ဥက္ကဌ အက်ရှရိုရန် နီအမ်ရှူလက်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အကယ်၍သာ Crypto သည် လူသုံးကုန်တစ်ရပ်အဖြစ် သော်လည်းကောင်း၊ ဒီဂျစ်တယ် အသုံးတစ်ရပ်အဖြစ်ဖြင့် သော်လည်းကောင်း ရှာရီယာဥပဒေကို လိုက်နာပြီး အကျိုးရှိကြောင်း ပြသနိုင်ပါက ၎င်းကို ကုန်သွယ်နိုင်ကြောင်းလည်း သူက ဖြည့်စွက်ပြောကြားသည်။

အင်ဒိုနီးရှားသည် ကမ္ဘာ့ မွတ်ဆလင်ဦးရေ အများဆုံးနိုင်ငံဖြစ်ကာ နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်တို့ကလည်း အစ္စလာမစ်ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို MUI အဖွဲ့ကြီးနှင့် တိုင်ပင် ဆောင်ရွက်သည်။

MUI ၏ ဆုံးဖြတ်ချက်သည် အင်ဒိုနီးရှားရှိ Crypto ကုန်သွယ်မှုအားလုံးကို ပိတ်သိမ်းရန် မဟုတ်ဘဲ မွတ်လဆင်များ Crypto တွင် ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ရန်၊ ပြည်တွင်းအဖွဲ့အစည်းများ Crypto အသုံးပြုမှုကို ပြန်လည် သုံးသပ်စေရန် ဖြစ်သည်။

အင်ဒိုနီးရှား ဗဟိုဘဏ်ကလည်း ဒစ်ဂျစ်တယ်ငွေကြေး ကိစ္စကို ပြန်လည်သုံးသပ်နေကာ ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ဘလွန်းဘက်သတင်းတွင် ဖော်ပြထားသည်။