ဥရောပအရှေ့ပိုင်း မဟာမိတ်များကို ကူညီရန် အမေရိကန်တပ်ဖွဲ့ဝင်များ ပိုလန်သို့ရောက်ရှိ

ယူကရိန်းနယ်စပ်တွင် ရုရှားနှင့် တင်းမာမှုများ မြင့်တက်နေခြင်းနှင့်အတူ ဥရောပအရှေ့ပိုင်းရှိ နေတိုးမဟာမိတ်များကို ဝါရှင်တန်ဘက်က အားဖြည့်ကူညီနေချိန်၌ အမေရိကန်တပ်ဖွဲ့ဝင်များအား သယ်ဆောင်လာသည့် လေယာဉ်တစ်စီးသည် ပိုလန်နိုင်ငံသို့ တနင်္ဂနွေနေ့တွင် ရောက်ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

08 Feb 2022

ဓာတ်ပုံ - Reuters

DMG ၊ ဖေဖော်ဝါရီ ၈

ယူကရိန်းနယ်စပ်တွင် ရုရှားနှင့် တင်းမာမှုများ မြင့်တက်နေခြင်းနှင့်အတူ ဥရောပအရှေ့ပိုင်းရှိ နေတိုးမဟာမိတ်များကို ဝါရှင်တန်ဘက်က အားဖြည့်ကူညီနေချိန်၌ အမေရိကန်တပ်ဖွဲ့ဝင်များအား သယ်ဆောင်လာသည့် လေယာဉ်တစ်စီးသည် ပိုလန်နိုင်ငံသို့ တနင်္ဂနွေနေ့တွင် ရောက်ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံများတွင် တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ နီးပါး ထပ်တိုးနေရာချထားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြီးခဲ့သော ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

လေထီးခုန်တပ်ခွဲ ၈၂ မှ တပ်သားအများစုပါဝင်သည့် တင်အား ၁၇၀၀ ခန့်ကို ပိုလန်တွင် နေရာချထားမည်ဟု ပင်တဂွန်က ပြောကြားသည်။

လက်ရှိတွင် အင်အား မည်မျှအထိ ရောက်ရှိနေကြောင်း ရှင်းရှင်းလင်းလင်း မသိရသော်လည်း တနင်္ဂနွေနေ့က ပိုလန်သို့ရောက်ရှိလာသော C-17 လေယာဉ်သည် လေထီးခုန်တပ်သား ၁၀၂ ဦးကို ပစ္စည်းကိရိယာအစုံအလင်နှင့် သယ်ဆောင်နိုင်စွမ်းရှိသည့် ယာဉ်ဖြစ်သည်။

“ပိုလန်အတွက် ကျွန်တော်တို့နိုင်ငံရဲ့ အားဖြည့်ပါဝင်မှုဟာ ဥရောပက မဟာမိတ်အားလုံးနဲ့ စည်းလုံးညီညွတ်မှုကို ပြသတာဖြစ်သလို အခုလို မရေရာတဲ့ ကာလမှာ စည်းလုံးမှုရှိရင် ပိုအင်အားရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေတာလည်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာဒိုနာဟူးက ပြောကြားသည်။

ရုရှားသည် ယူကရိန်းနယ်စပ်တွင် တပ်ဖွဲ့ဝင်အင်အား တစ်သိန်းကျော် နေရာချထားသည်။ ရုရှား၏ လုပ်ရပ်အပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများက အထူးစိုးရိမ်မှုများ ပြသလျက်ရှိသည်။

ရုရှားကမူ ယူကရိန်းကို ကျူးကျော်ရန်အစီအစဉ် မရှိကြောင်း ငြင်းဆိုထားသည်။ သို့သော်လည်း ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံရေး အပါအဝင် အချက်အလက်များ တောင်းဆိုထားပြီး တောင်းဆိုမှုများ မရရှိပါက စစ်ရေးအရ အရေးယူမှုများ ပြုလုပ်မည်ဟု ပြောကြားထားသည်။