ဖိုက်ဇာသောက်ဆေးကို ကိုဗစ်ကုသရေးတွင် အသုံးပြုရန် အမေရိကန်တွင် အတည်ပြု

ဖိုက်ဇာကုမ္ပဏီမှထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး သောက်ဆေးအား အိမ်သုံးဆေးဝါးအဖြစ် အမေရိကန်ပြည်ထောင်စု ကျန်းမာရေးအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

24 Dec 2021

ဓာတ်ပုံ - AP

DMG ၊ ဒီဇင်ဘာ ၂၄

ဖိုက်ဇာကုမ္ပဏီမှထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး သောက်ဆေးအား အိမ်သုံးဆေးဝါးအဖြစ် အမေရိကန်ပြည်ထောင်စု ကျန်းမာရေးအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုအတည်ပြုချက်အရ အမေရိကန်ပြည်သူများ အနေဖြင့် ဖိုက်ဇာကထုတ်လုပ်ပြီး ပက်စ်လိုဗစ်ဟု  အမည်ပေးထားသည့် ကိုဗစ်ဆေးလုံးအား အိမ်သုံးဆေးဝါးအဖြစ် ဝယ်ယူသောက်သုံးနိုင်တော့မည် ဖြစ်သဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်လာနိုင်ခြေရှိသည့် အဆိုးဆုံးအနေအထားကို ကြိုတင်ကျော်လွှားနိုင်တော့မည် ဖြစ်သည်။

သို့သော်လည်း လတ်တလောတွင် အဆိုပါဆေးအား လွယ်လင့်တကူ ရရှိနိုင်ဦးမည် မဟုတ်ပေ။ လက်ရှိ၌ သောက်ဆေးအရေအတွက် ၁၈၀၀၀၀ ရှိထားပြီး ၎င်းတို့အနက် အမေရိကန်ပြည်ထောင်စုအတွက် ၆-၇ သောင်းခန့် ခွဲတမ်းရရှိမည်ဟု ဖိုက်ဇာကုမ္ပဏီက ပြောကြားသည်။ ဇန်နဝါရီလကုန်တွင် အမေရိကန်ပြည်ထောင်စုအတွက် သောက်ဆေး ၂၅၀၀၀၀ ရမည်ဟု မျှော်လင့်ထားကြောင်းလည်း ကုမ္ပဏီဘက်က ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စု အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဖိုက်ဇာကို ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိထားပြီး ဆေးရုံတက်ကုသရမည့် လက္ခဏာဖော်ပြထားသည့် အသက် ၁၂ နှစ်အထက် လူနာများ၊ ဆီးချိုနှင့် နှလုံးရောဂါရှိသည့် ကိုဗစ်လူနာများအား သောက်သုံးခွင့်ပြုထားသည်။ သို့သော်လည်း ပြင်းထန် ကျောက်ကပ်ရောဂါနှင့် ပြင်းထန်အသည်းရောဂါ ရှိသူများကိုမူ သောက်သုံးရန် အကြံပြုမထားပေ။
ထို့ပြင် ကိုဗစ်သောက်ဆေး သောက်သုံးမည့် ကလေးငယ်များသည် အနည်းဆုံးအလေးချိန် ၈၈ ပေါင် ရှိရမည်ဟုလည်း သတ်မှတ်ထားသည်။

ကနဦးရရှိသည့် သောက်ဆေးခွဲတမ်းအား ကိုဗစ်ဒဏ် အဆိုးဆုံးခံစားနေရသည့် ဒေသများသို့ ပေးပို့နိုင်ရန် ကျန်းမာရေးအာဏာပိုင်များက မျှော်လင့်ထားသည်။ ထုတ်လုပ်ရန်အချိန် အချိန် နည်းပါးခဲ့သဖြင့် အနည်းငယ်မျှသာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ကာ လာမည့်နှစ်တွင် နှစ်ဆတိုးမြှင့် ထုတ်လုပ်နိုင်မည်ဟု ဖိုက်ဇာကုမ္ပဏီဘက်က ပြောကြားသည်။

ဖိုက်ဇာဆေး တစ်ယောက်စာသောက်သုံးမှုတွင် တစ်နေ့လျှင် သုံးလုံးနှုန်းဖြင့် ငါးရက် သောက်သုံးရမည် ဖြစ်သည်။ အမေရိကန်အစိုးရသည် ဆေးတစ်ပတ်လည်စာအတွက် ဒေါ်လာ ၅၀၀ ခန့်ဖြင့် လူအယောက် ၁၀ သန်းစာ ပက်စ်လိုဗစ်ဆေး ဝယ်ယူရန် သဘောတူထားပြီး အဆိုပါဆေးများအား လူနာများကို အခမဲ့ ပေးမည်ဖြစ်သည်။

သို့သော်လည်း ဖိုက်ဇာဆေး သောက်သုံးရန်အတွက် လူနာများသည် ကိုဗစ်ကူးစက်ခံထားရကြောင်း အတည်ပြုချက် ပြသရန်လိုအပ်သည်။ ထို့အပြင် ပက်စ်လိုဗစ်သည် ကိုဗစ်လက္ခဏာများ ပြသနေချိန် ငါးရက်အတွင်း သောက်သုံးမှသာ ကုသမှုထိရောက်ကြောင်း စမ်းသပ်တွေ့ရှိထားသည်။

လူနာများအနေဖြင့် အဆိုပါ ငါးရက်တာအချိန်အတွင်း ကိုဗစ်စစ်ဆေး၊ အဖြေထွက်၊ ဆရာဝန်ထံမှ ထောက်ခံချက်ယူရန် အချိန်မလုံလောက်မည်ကို ပညာရှင်များက ထောက်ပြလျက်ရှိသည်။