- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နယူကလီးယားလက်နက်များ တိုးမြှင့်တည်ဆောက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
နယူကလီးယား လက်နက်များကို တိုးချဲ့ ထုတ်လုပ်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ခြိမ်းခြောက်လိုက်သည်။ မြောက်ကိုရီးယားက လက်ရှိ စမ်းသပ်လုပ်ဆောင်လျက်ရှိသည့် နည်းပညာအဆင့်မြင့် လက်နက်စနစ်များအား ချပြပြီး ထိုကဲ့သို့ ပြောကြားသွားခြင်း ဖြစ်သည်။
09 Jan 2021
နယူကလီးယား လက်နက်များကို တိုးချဲ့ ထုတ်လုပ်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ခြိမ်းခြောက်လိုက်သည်။ မြောက်ကိုရီးယားက လက်ရှိ စမ်းသပ်လုပ်ဆောင်လျက်ရှိသည့် နည်းပညာအဆင့်မြင့် လက်နက်စနစ်များအား ချပြပြီး ထိုကဲ့သို့ ပြောကြားသွားခြင်း ဖြစ်သည်။
မိမိတို့လက်ရှိ တီထွင်လျက်ရှိသော နောက်ဆုံးပေါ် လက်နက်များတွင် နယူကလီးယား ထိပ်ဖူးအများအပြား သယ်ဆောင်ပြီး ပစ်မှတ်အများအပြားကို တစ်ပြိုင်တည်း ပစ်ခတ်နိုင်သည့် Multi-warhead Missile ဒုံးကျည်များ၊ ရေအောက်မှပစ်ခတ်နိုင်သည့် နယူကလီးယားဒုံးကျည်များ၊ တာဝေးပစ်ဒုံးကျည်များနှင့် ထောက်လှမ်းရေးဂြိုလ်တုများ ပါဝင်သည်ဟု ကင်ဂျုံအန်းက ဆိုသည်။
အာဏာရပါတီ၏ ထိပ်သီးညီလာခံတွင် ကင်ဂျုံအန်းပြောကြားသွားသည့် မှတ်ချက်များသည် အမေရိကန်၏ လက်ရှိရွေးချယ်ခံသမ္မတ ဂျိုးဘိုင်ဒန်အပေါ် ဖိအားပေးသကဲ့သို့ ယူဆရသည်။ ဘိုင်ဒန်သည် ကင်ဂျုံအန်းအား “လူရမ်းကား” ဟု သမုတ်ခေါ်ဝေါ်ဖူးသလို သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့၏ တွေ့ဆုံမှုများကိုလည်း ဝေဖန်လာသူတစ်ဦး ဖြစ်သည်။
အမေရိကန်နှင့် ဆက်ဆံရေး၏ ကံကြမ္မာသည် အမေရိကန်က ၎င်း၏ရန်လိုသော မူဝါဒအား စွန့်လွှတ်ခြင်းပြု မပြုအပေါ် မူတည်သည်ဟု ကင်ဂျုံအန်းက ပြောကြားသွားကြောင်း အစိုးရပိုင်မီဒီယာက စနေနေ့တွင် ထုတ်လွှင့်ခဲ့သည်။
“ရန်လိုသောအင်အားစုများ” ကသာ သူတို့၏ နယူကလီးယားလက်နက်များကို မြောက်ကိုရီးယားအပေါ် အသုံးပြုရန် မရည်ရွယ်ပါက သူ့ဘက်ကလည်း နယူကလီးယား လက်နက်များကို အသုံးပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ဝါရှင်တန်ကသာ ဆန္ဒရှိပါက သူ့ဘက်ကလည်း ဆွေးနွေးရန်အသင့်ရှိကြောင်း သို့သော်လည်း အရှိန်မြင့်လာသည့် အမေရိကန်၏ ရန်လိုမှုကို ကိုင်တွယ်ရန်အတွက် မြောက်ကိုရီးယားအနေဖြင့် နိုင်ငံ၏ စစ်ရေးနှင့် နယူကလီးယား အသုံးပြုနိုင်စွမ်းကို တိုးမြှင့် အင်အားဖြည့်တင်းရမည် ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
အမေရိကန်၏ မည်သည့်လုပ်ရပ်များ ဆိုသည်ကို တိတိပပတော့ ပြောကြားမသွားပေ။ သို့သော်လည်း အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု၊ အမေရိကန်၏ စောင့်ကြည့်ရေးလေယာဉ်များ ပျံသန်းမှု၊ အမေရိကန်တပ်များ တောင်ကိုရီးယားတွင် ရှိနေမှုများသည် မိမိတို့အား ရန်လိုသောအပြုအမူများ အဖြစ် မြောက်ကိုရီးယားက မှတ်ယူထားသည်။
“ရန်သူ့ဘက်က နောက်ဆုံးပေါ်လက်နက်တွေ တိုးမြှင့်ထုတ်လုပ်နေတာကို ရှင်းရှင်းလင်းလင်း မြင်နေရချိန်မှာ ကျွန်တော်တို့က အင်အားမဖြည့်ဘဲ ပေါ့တိပေါ့ဆ နေမယ်ဆိုရင်တော့ ဒီထက်မိုက်မဲပြီး အန္တရာယ်များတဲ့ လုပ်ရပ် မရှိတော့ဘူး” ဟု ကင်ဂျုံအန်းက ပြောကြားသွားသည်။