- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဟာမားစ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မည်ဟု ယူကေပြော
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟာမားစ်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန်အစီအစဉ်ရှိသည်ဟု ဗြိတိသျှအစိုးရက သောကြာနေ့တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဟာမားစ်၏ နိုင်ငံရေးအဖွဲ့နှင့် စစ်ရေးအဖွဲ့များကိုလည်း ခွဲခြားသတ်မှတ်နေတော့မည် မဟုတ်ဟု ဗြိတိန်အစိုးရက ပြောကြားသည်။
20 Nov 2021

DMG ၊ နိုဝင်ဘာ ၂၀
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟာမားစ်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန်အစီအစဉ်ရှိသည်ဟု ဗြိတိသျှအစိုးရက သောကြာနေ့တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဟာမားစ်၏ နိုင်ငံရေးအဖွဲ့နှင့် စစ်ရေးအဖွဲ့များကိုလည်း ခွဲခြားသတ်မှတ်နေတော့မည် မဟုတ်ဟု ဗြိတိန်အစိုးရက ပြောကြားသည်။
ဟာမားစ်တွင် နိုင်ငံရေးနှင့် စစ်ရေးအဖြစ် နှစ်မျိုးခွဲထားပြီး အဖွဲ့၏ လက်နက်ကိုင်အုပ်စုသည် ယူကေတွင် ၂၀၀၁ ခုနှစ်တည်းက တရားမဝင်အဖြစ် သတ်မှတ်ထားသည်။ သို့သော် ဟာမားစ်ကို တစ်ဖွဲ့လုံး အနေဖြင့်မူ ပိတ်ပင်ထားခြင်း မရှိပေ။
တရားဥပဒေစိုးမိုးရေးတာဝန်ခံ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရီတီပါတဲလ်က နိုင်ငံရေးနှင့် စစ်ရေးနှစ်ဖွဲ့လုံးအပါအဝင် ဟာမားစ်တစ်ဖွဲ့လုံးကို တရားမဝင်ကြောင်း သတ်မှတ်တော့မည်ဟု ပြောကြားသည်။
“ဒါက အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် ဂျူးအသိုင်းအဝိုင်းအတွက်ပါ” ဟု ပါတဲလ်က ဝါရှင်တန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဟာမားစ်အဖွဲ့ဟာ ခေတ်မီလက်နက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီတာ၊ အကြမ်းဖက်သင်တန်းတွေ ပေးနိုင်တာတွေ အပါအဝင် အကြမ်းဖက်မှုတွေ ဆောင်ရွက်နိုင်စွမ်းရှိတယ်” ဟု သူကပြောသည်။
ဟာမားစ်အဖွဲ့အား တရားမဝင်သတ်မှတ်မည့် အချက်ကို ပါလီမန်က အတည်ပြုပေးရဦးမည် ဖြစ်သည်။ အတည်ဖြစ်ပါက ဗြိတိန်တွင်နေထိုင်သူများသည် ဟာမားစ်အဖွဲ့ဝင်ဖြစ်ခွင့် မရှိသလို အဖွဲ့ကိုထောက်ခံခြင်း၊ အဖွဲ့အလံ လွှင့်ထူခြင်း၊ အဖွဲ့တံဆိပ်ပါသည့် အင်္ကျီဝတ်ဆင်ခြင်းများပါ ပြုလုပ်ခွင့် ရှိတော့မည် မဟုတ်ပေ။
ဟာမားစ်သည် အစ္စရေးတို့ကို ဆန့်ကျင်သည့် ပါလက်စတိုင်းအဖွဲ့ဖြစ်သည်။ ဟာမားစ်တို့သည် ပါလက်စတိုင်း ရွေးကောက်ပွဲတွင် အနိုင်ရပြီး နောက်တစ်နှစ်အကြာ ၂၀၀၇ တည်းက စတင်၍ ဂါဇာကမ်းမြောင်ကို အုပ်ချုပ်နေကြသည့် အဖွဲ့ဖြစ်သည်။
ဟာမားစ်ကို အစ္စရေး၊ အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။