အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာ ဖြေရှင်းဖို့ကျန်နေခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စ

ပြီးခဲ့သောရက်သတ္တပတ်ကပဲ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ၎င်းတို့နှင့် အာဆီယံဆက်ဆံရေးကို “ခေတ်သစ်၏အာရုံဦး”အဖြစ် ချီးကျူးခဲ့သည်။ အမေရိကန်သမ္မတ၏ ဒေါ်လာသန်းပေါင်းများစွာတန်သော ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အသစ်နှင့်အတူ အိမ်ဖြူတော်ရှေ့တွင် ဘိုင်ဒန်နှင့် ၎င်း၏ဒေသဆိုင်ရာမိတ်ဖက်များ ရွှင်လန်းစွာဓာတ်ပုံရိုက်ကူး ခြင်းဖြင့် အထူးအစည်းအဝေးကို ပြီးဆုံးစေခဲ့သည်။

30 May 2022

DMG ၊ မေ ၃၀

ပြီးခဲ့သောရက်သတ္တပတ်ကပဲ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ၎င်းတို့နှင့် အာဆီယံဆက်ဆံရေးကို “ခေတ်သစ်၏အာရုံဦး”အဖြစ် ချီးကျူးခဲ့သည်။ အမေရိကန်သမ္မတ၏ ဒေါ်လာသန်းပေါင်းများစွာတန်သော ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အသစ်နှင့်အတူ အိမ်ဖြူတော်ရှေ့တွင် ဘိုင်ဒန်နှင့် ၎င်း၏ဒေသဆိုင်ရာမိတ်ဖက်များ ရွှင်လန်းစွာဓာတ်ပုံရိုက်ကူး ခြင်းဖြင့် အထူးအစည်းအဝေးကို ပြီးဆုံးစေခဲ့သည်။

သို့သော် ထိပ်သီးအစည်းအဝေးအပြီး သဘောထားအမြင်ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး  မြန်မာနိုင်ငံမှာဖြစ်ပျက်နေသော လူမဆန်သည့်ကြောက်လန့်စရာ ဖြစ်ရပ်များကိုကျော်လွန်၍ အမှန်တကယ်ဖော်ပြထားခြင်း မရှိသောသဘောကတော့ ထင်ရှားပေါ်လွင်နေပါသည်။  ဒီအချက်ကတော့ စိတ်ပျက်ဖို့ကောင်းသည်။ ထိုင်းနိုင်ငံ အတွင်းရှိ NGO ရာပေါင်းများစွာကလည်း ပြင်းထန်လွန်းသော အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေသစ်များဖြင့် အစိုးရမှတားဆီးရန် ကြိုးပမ်းမှုများကို ရုန်းကန်နေရသူများ ဖြစ်သည်။

အမေရိကန်-အာဆီယံ ဆက်ဆံရေး၏ အမှန်တကယ်အဓိပ္ပါယ်ပြည့်ဝသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိရန်မှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များက အဓိကသော့ချက်ဖြစ်သည်။ ဤသဘောအတိုင်း စဉ်းစားမည်ဆိုလျှင် ပြီးခဲ့သော သီတင်းပတ်တွင် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် နှစ်ဘက်လုံးအတွက် လက်လွတ်သွားခဲ့ရသော အကြောင်းကိစ္စတစ်ရပ် ရှိနေသည်ကတော့ ထင်ရှားနေပါသည်။

လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ အာဆီယံဒေသတွင်းအနှံ့ ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေချိန်မျိုးတွင် အဓိက သော့ချက်ကိုဆွေးနွေးဖို့ ပိုပြီးအရေးကြီးသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သောနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော်သေဆုံးခဲ့၍ အရပ်ဘက်လူ့အဖွဲ့အစည်းများ ပြိုလဲသွားခဲ့သည်။ ဖိလစ်ပိုင်တွင်လည်း အနား ယူတော့မည့် ဒူတာတေးအစိုးရက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို “အကြမ်းဖက်သမားများ” အဖြစ် ပုံဖော်ခဲ့သည်။ မလေးရှားအစိုးရကလည်း လူထုအရေးတက်ကြွလှုပ်ရှားသူများကို ဥပဒေများဖြင့် ပြင်းပြင်းထန်ထန် ဖိနှိပ်လျက်ရှိသည်။

ထိုင်းနိုင်ငံမှာဆိုလျှင် ဗိုလ်ချုပ်ပရာယွတ်ချန်-အို-ချာ၏ စစ်တပ်တစ်ပိုင်းအစိုးရက ပြည်သူများရပိုင်ခွင့်ဖြစ်သည့် အခြေခံလွတ်လပ်ခွင့်များကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့သည်။ မကြာသေးမီနှစ်များအတွင်းကပဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီအရေး ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးခဲ့ပြီး အများအပြားကို တရားစွဲဆိုခြင်း သို့မဟုတ် ထောင်ဒဏ် ချမှတ်ခြင်းများဆောင်ရွက်ခဲ့သည်။ ဘုရင်စနစ်ဝေဖန်သူများအပေါ် ရာဇဝတ်မှုဆိုင်ရာဥပဒေများ အမြင့်ဆုံးသတ်မှတ်ခဲ့ခြင်းက လူ့အခွင့်အရေးဆိုင်ရာ ဖိနှိပ်ခံရမှုရာသီဥတုကို အမြင့်ဆုံးအခြေအနေသို့ တွန်းပို့ခဲ့လေသည်။

စိုးရိမ်စရာအကောင်းဆုံးကိစ္စမှာ အရပ်ဘက်လူမှုအဖွဲ့အစည်း NGO များ၏ လုပ်ငန်းဆောင်တာများကို ကန့်သတ်ထိန်းချုပ်နိုင်ရန် အာဏာပိုင်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ပြုမည့် NGO ဆိုင်ရာဥပဒေသစ်ဖြစ်သည်။ ထိုင်းပါလီမန်တွင် ဆိုင်းငံ့ထားသည့် အဆိုပါဥပဒေသစ်၏ မိုက်မဲလွန်းသောစည်းကမ်းချက်များအရ NGO များ၏ လှုပ်ရှားမှုတိုင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး NGO များကိုလည်း အစိုးရက တစ်ဘက်သတ်ပိတ်ပစ်ခွင့်ရှိသည်။ အထူးသဖြင့် အောင်ခြေအဖွဲ့အစည်းငယ်များကို ထိခိုက်စေမည့် NGO များအပေါ် ဗျူရိုကရေစီလိုအပ်ချက်များ ထပ်မံပြဌာန်းဦးမည်ဟု သိရသည်။

သို့သော် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းအပေါ် ခြိမ်းခြောက်မှုက ထိုင်းနိုင်ငံသားများ အတွက်ပဲမဟုတ်ပါ။ ထိုင်းနိုင်ငံသည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံတို့မှ အစိုးရဖိနှိပ်မှုကြောင့် ထွက်ပြေးလာကြသော နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအတွက် ခိုလှုံရာနေရာဖြစ်သောကြောင့် အဆိုပါဥပဒေက ဒေသတွင်းရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။

ယခုကဲ့သို့ ဒေသတွင်းဆိုင်ရာ လူ့အဖွဲ့အစည်းများအတွက် အခွင့်အရေးများ နောက်ကြောင်းပြန်နေတာနှင့်ပတ်သက်ပြီး ရပ်တန့်ဖို့အတွက် ထိုင်းနှင့်အာဆီယံပြည်သူများ အနေဖြင့် အမေရိကန်၏ ကူညီပံ့ပိုးမှုများ မုချလိုအပ်သည်။ အမေရိကန်-အာဆီယံ အစည်းအဝေးမစတင်ခင်ကပင် ပရာယွတ်အစိုးရ၏ NGO များနှင့်ပတ်သက်သောဥပဒေကို ဆန့်ကျင်ရန် NGO ၆၀ ကျော် လက်မှတ်ရေးထိုးပြီး သမ္မတဘိုင်ဒန်ဆီ ပေးပို့ခဲ့သေးသည်။ ထို့ကြောင့် ထိပ်သီးအစည်း အဝေးအပြီး တရားဝင်ထုတ်ပြန်ချက်များတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များမပါဝင်ဘဲ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ခြင်းက အလွန်ပင် စိတ်ပျက်စရာကောင်းလှပါသည်။

တရားမျှတမှုရှိရန်အတွက် ထိပ်သီးအစည်းအဝေးကြီးမှ အပြုသဘောဆောင်သော ထုတ်ပြန်ချက်များ ထုတ်ပြန်ဖို့ လိုအပ်သည်။ ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သော အာဆီယံ၏ ယူကရိန်းအရေးကြေညာချက်ထက် ပိုပြီးပြင်းထန်သော ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ရုရှားကျူးကျော်မှု အကြောင်းကိုတော့ ထည့်သွင်းထားခြင်းမရှိပေ။ လူသတ်မှုများကျူးလွန်ခဲ့သော အာဏာသိမ်း မြန်မာစစ်အာဏာရှင်များကို အစည်းအဝေးသို့ တက်ရောက်ခွင့်မပြုထားဘဲ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တိုက်တွန်းထားသည်။ သီးသန့်အစည်းအဝေးများတွင် အမေရိကန်အကြီးတန်းအရာရှိများက ထိုင်းနိုင်ငံမှ NGO ဥပဒေအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြထားကြောင်း သိရှိရသည်။

ဝေးဝေးမရောက်နိုင်သေးချိန်မှာတော့ ဒါတွေအားလုံးက အပြုသဘောဆောင်သော လက္ခဏာရပ်များသာ ဖြစ်သည်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအနေဖြင့် အာဆီယံဒေသတွင်း အမေရိကန်၏ စိတ်ဝင်စားမှုကိုတော့ ကြိုဆိုရမည်သာဖြစ်သည်။ အာဆီယံတွင် တရုတ်ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်ရာတွင် အမေရိကန်ဩဇာက အကြီးမားဆုံး ဖြစ်သည်။ တရုတ်ဩဇာလွှမ်းမိုးမှုကို ဖယ်ရှားရန် ကမ္ဘောဒီးယားမှ ဖိလစ်ပိုင်အထိ အမေရိကန်ကနိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးမှုများပေးထားသည်။ ယူကရိန်းကျူးကျော်စစ်နှင့် အာဏာရှင်ကို ရဲဝံ့စွာတွန်းလှန်နေသူများ အပေါ် အမေရိကန်၏ မဆုတ်မနစ်သော ထောက်ခံမှုများကို ချီးကျူးဂုဏ်ပြုရမည်သာ ဖြစ်သည်။

သို့သော် ဖိနှိပ်ချုပ်ချယ်မှုများနှင့် အာဏာရှင်စနစ်များမှ ရုန်းထွက်နိုင်ရန်အတွက် အာဆီယံနိုင်ငံများကို ဘိုင်ဒန်အစိုးရက အမှန်တကယ်အကူအညီများ ပေးနိုင်ဖို့လိုအပ်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းနိုင်ရမည်လည်းဖြစ်သည်။

အနာဂတ်ထိတွေ့ဆက်ဆံမှုများတွင် ဒေသဆိုင်ရာအစိုးရများက ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ အခြေခံအခွင့်အရေးများကို အစိုးရကလေးစားလိုက် နာသင့်ကြောင်း အမေရိကန်က အလေးပေးပြောကြားဖို့လိုအပ်သည်။

အာဆီယံဒေသအတွင်း တရုတ်ဩဇာလွှမ်းမိုးမှုကို ယှဉ်ပြိုင်ရာတွင် လူ့အခွင့်အရေးများကို စတေးပစ်လို့မရပါ။ လာမည့် နိုဝင်ဘာလတွင်ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အစည်းအဝေးက အဆိုပါကိစ္စများ ဆွေးနွေးရန် အရေးကြီးသောအခွင့်အလမ်းတစ်ခု ဖြစ်သည်။ အာဆီယံဒေသတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာကိစ္စများ အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးပြောဆိုနိုင်သည်။

အာဆီယံဒေသတစ်ဝန်းလုံးမှာ ရှိနေသော အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ကြီးထွားလာနေသော ဖိနှိပ်မှုများ ရင်ဆိုင်နေရပြီး အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်နိုင်ရန် လွန်စွာပင်အရေးကြီးနေပါသည်။ အမေရိကန်-အာဆီယံ ပေါင်းစပ်ရေးတွင် အရပ်ဘက်အဖွဲ့အစည်းများအပေါ် ဖိနှိပ်နေခြင်းကို လမ်းကြောင်းပြောင်းပေးရန်နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ထောက်ခံအားပေးရန်က အမေရိကန်အတွက် ထိပ်တန်းဦးစားပေးဖြစ်ရပေလိမ့်မည်။

ကြည်ဖြူစံ

“The Diplomat” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Pornpen Khongkachonkiet” ရေးသားသော “US-ASEAN Summit a Missed Opportunity to Tackle Shrinking Civic Space Across the Region” ကိုဆီလျော်အောင် ရေးသားသည်။ ဓာတ်ပုံ - The Diplomat