အင်ဒိုနီးရှားတွင် IS အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်မှုရှိသူက လုံခြုံရေးဝန်ကြီးကို ဓါးဖြင့်ထိုး

အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး ဝီရန်တိုသည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဂျာဗားကျွန်းပေါ်ရှိ မြို့တစ်မြို့သို့ အလည်အပတ်သွားရောက်သည့် ခရီးစဉ်အတွင်း အမျိုးသားတစ်ဦး၏ ဓါးဖြင့်တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

By Foreign Desk 10 Oct 2019

(ဓါးဖြင့်တိုက်ခိုက်ခံခဲ့ရသော လုံခြုံရေးဝန်ကြီးဝီရန်တိုကို ဂျကာတာမြို့သို့ ရဟတ်ယာဉ်ဖြင့် အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ / Photo - AP)

အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီး ဝီရန်တိုသည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဂျာဗားကျွန်းပေါ်ရှိ မြို့တစ်မြို့သို့ အလည်အပတ်သွားရောက်သည့် ခရီးစဉ်အတွင်း အမျိုးသားတစ်ဦး၏ ဓါးဖြင့်တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ဓါးဖြင့်တိုက်ခိုက်သူသည် Islamic State အကြမ်းဖက်အဖွဲ့နှင့်ဆက်စပ်မှုရှိသူဖြစ်ပြီး ၎င်း၏တိုက်ခိုက်မှုကြောင့် ဝီရန်တိုနှင့် အခြားသူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဘန်တင်ခရိုင်တွင်ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုအတွင်းတွင် လုံခြုံရေးဝန်ကြီးဝီရန်တိုသည် အမျိုးသားတစ်ဦး၏ ဓါးဖြင့်တိုက်ခိုက်မှုကိုခံရပြီးနောက် ၎င်း၏ကားဘေးတွင် လဲကျသွားခဲ့ပြီး ထို့နောက်တွင် လုံခြုံရေးအရာရှိများက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြေပြင်ပေါ်သို့လှဲချကာ ဖမ်းဆီးချုပ်နှောင်လိုက်သည်ကို ရုပ်သံသတင်းပြကွက်တစ်ခုတွင် တွေ့မြင်ရသည်။

အမျိုးသားဖြစ်သူက ဝီရန်တိုကို ဓါးဖြင့်ထိုးပြီးနောက်တွင် အမျိုးသမီးကလည်း ၎င်းကိုဓါးဖြင့်ထိုးရန်ကြိုးစားခဲ့ပြီး ရဲများက အမျိုးသားဖြစ်သူကို ဖမ်းဆီးလိုက်သောအခါတွင် အမျိုးသမီးက ရဲများကို တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေ့လိုက်ရသူတစ်ဦးက ပြောကြားသည်။

စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဝီရန်တိုသည် ဓါးဖြင့်တိုက်ခိုက်ခံရမှုကြောင့် ဝမ်းဗိုက်တွင် ပြင်းထန်သောဓါးဒဏ်ရာ ၂ ခုရရှိခဲ့သော်လည်း သတိမေ့မြောသွားခြင်းမရှိဘဲ စိုးရိမ်လောက်သည့်အခြေအနေမရှိကြောင်း ၎င်းကိုကုသပေးလျက်ရှိသည့် ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သည့် အခြားသူ ၃ ဦးမှာ ဒေသခံရဲအရာရှိတစ်ဦးနှင့် အကူ ၂ ဦးဖြစ်ပြီး ၎င်းတို့မှာလည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း ဆေးရုံ၏ထုတ်ပြန်ချက်အရ သိရသည်။

ဝီရန်တိုကိုတိုက်ခိုက်ခဲ့သူနှင့် ယင်း၏အဖော်အမျိုးသမီးတို့ကို အခင်းဖြစ်ရာနေရာ၌ပင် ဖမ်းဆီးရမိခဲ့ရာ ၎င်းတို့မှာ ၃၁ နှစ်အရွယ်ရှိ ဆီယာရေလ်အာလမ်ဆယာ နှင့် ၂၁ နှစ်အရွယ် ဖီထရီအန်ဒရီယာနာ တို့ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။

၎င်းတို့သည် Islamic State အကြမ်းဖက်အဖွဲ့နှင့် ချိတ်ဆက်မှုရှိသော JAD အကြမ်းဖက်ကွန်ရက်အဖွဲ့ဝင်များဖြစ်သည်ဟု အင်ဒိုနီးရှားထောက်လှမ်းရေးအေဂျင်စီက ထုတ်ပြန်ထားသည်။

ဝီရန်တိုသည် အင်ဒိုနီးရှားနိုင်ငံ၏လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို၏အစိုးရအဖွဲ့တွင်လုံခြုံရေးဝန်ကြီးအဖြစ် ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီး ဘန်တင်ခရိုင်ရှိ အဆောက်အအုံအသစ်တစ်ခုဖွင့်လှစ်ပွဲသို့ တက်ရောက်စဉ် ယခုကဲ့သို့တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဝီရန်တိုသည် အရှေ့တီမောတွင် သွေးစွန်းခဲ့သောပဋိပက္ခများအတွင်း လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲအဖြစ်နှင့် ပါဝင်ခဲ့ဖူးသူဖြစ်သဖြင့် ၎င်းအားလုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်စဉ်က ဝေဖန်မှုများထွက်ပေါ်ခဲ့သေးသည်။