- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စနေနေ့က အဆက်အသွယ်ပြတ်သွားသော အင်ဒိုလေယာဉ် အစိတ်အပိုင်းများ ဂျာဗားပင်လယ်ပြင်တွင် ရှာတွေ့
အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာလေဆိပ်မှ စနေနေ့လယ်က ထွက်ခွာပြီး မိနစ်ပိုင်းအကြာတွင် အဆက်အသွယ်ပြတ်သွားသော လေယာဉ်၏ ပျက်စီးနေသော အစိတ်အပိုင်းများအား ဂျာဗားပြင်လယ်ပြင်တွင် တွေ့ရှိရကြောင်း အင်ဒိုနီးရှား စစ်တပ်အကြီးအကဲက တနင်္ဂနွေနံနက်ပိုင်းတွင် ပြောကြားလိုက်သည်။
10 Jan 2021

အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာလေဆိပ်မှ စနေနေ့လယ်က ထွက်ခွာပြီး မိနစ်ပိုင်းအကြာတွင် အဆက်အသွယ်ပြတ်သွားသော လေယာဉ်၏ ပျက်စီးနေသော အစိတ်အပိုင်းများအား ဂျာဗားပြင်လယ်ပြင်တွင် တွေ့ရှိရကြောင်း အင်ဒိုနီးရှား စစ်တပ်အကြီးအကဲက တနင်္ဂနွေနံနက်ပိုင်းတွင် ပြောကြားလိုက်သည်။
ဘိုးအင်း ၇၃၇-၅၀၀ ၏ အပျက်အစီးအချို့အား ဂျာဗားပင်လယ်ပြင်ရှိ ရေအနက် ၇၃ ပေတွင် ရေငုပ်သမားများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ရေငုပ်အဖွဲ့ဆီက သတင်းပေးပို့ချက်တွေ ရပါတယ်။ ရေပြင်က ကြည်လင်ပြီး ပျောက်ဆုံးသွားတဲ့ လေယာဉ်အစိတ်အပိုင်း တစ်ချို့ကို ရှင်းရှင်းလင်းလင်း မြင်ရတယ်လို့ သိရပါတယ်” ဟု လေကြောင်းအကြီးအကဲ မာရှယ်ဟာဒီဂျာဂျန်တိုက ကြေညာချက်တစ်ရပ်တွင် ထည့်သွင်းပြောကြားထားသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၆၂ ဦးလိုက်ပါသွားကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
လေယာဉ်ပျက်ကျရာနေရာ ကျွန်းစုများအနီးရှိ ငါးဖမ်းသမားများသည် စနေနေ့လယ် ၂ နာရီခွဲခန့်တွင် ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရကြောင်း အေပီသတင်းဌာနသို့ ဖြေကြားသည်။
“ပေါက်ကွဲသံကြားတော့ ဗုံးလား ဆူနာမီလား တစ်ခုခုထင်တာလေ။ ရေလှိုင်းကြီးတစ်လုံးလည်း မြင်လိုက်ရတယ်” ဟု ငါးဖမ်းသမားတစ်ဦးက ဆိုသည်။
လက်ရှိအချိန်၌ ကယ်ဆယ်ရေးဝန်ထမ်းများသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ အဝတ်အစားများ၊ သတ္တုအပိုင်းအစများအား ဆယ်ယူရရှိထားသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
ပျက်ကျရသည့် အကြောင်းရင်းကို တိတိပပ မသိရသေးပေ။ လေယာဉ်သည် မထွက်ခွာမီ တစ်နာရီခန့် အချိန်ကြာမြင့်နေခဲ့သည်။ ဆရီဝီဂျာယာ လေကြောင်းလိုင်းညွှန်ကြားရေးမှူး ဂျက်ဖာဆင်အာဝင်ဂျော်ဝီနာကမူ ရာသီဥတုဆိုးဝါးမှုကြောင့် ထွက်ခွာချိန် နောက်ကျခဲ့ခြင်းသာဖြစ်ပြီး ပျက်စီးမှုတစ်စုံတစ်ရာကြောင့် မဟုတ်ဟု ဆိုသည်။
အင်ဒိုနီးရှားသည် ကမ္ဘာ့ကျွန်းစုအများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ သန်းပေါင်း ၂၆၀ ကျော် ရှိသည်။ သယ်ယူပို့ဆောင်ရေးယာဉ်များသည် ခရီးသည် မတန်တဆ ပြည့်ကျပ်နေလေ့ရှိသလို အိုဟောင်းသည့်ယာဉ်များနှင့် လုံခြုံရေးအာမခံချက် မရှိသည့် ပစ္စည်းများ အသုံးပြုမှုလည်း များပြားသည်။
၂၀၁၈ ခုနှစ်တွင် လေယာဉ်တစ်စီး ဂျာဗားပင်လယ်ပြင်တွင် ပျက်ကျပြီး လိုက်ပါသွားသူ ခရီးသည် ၁၈၉ ဦးလုံး သေဆုံးခဲ့သည်။ ၂၀၁၄ ဒီဇင်ဘာတွင် ဆူရာဘာယားမှ စင်ကာပူသို့ ထွက်ခွာလာသော လေယာဉ်တစ်စီး ပျက်ကျပြီး ခရီးသည် ၁၆၂ ဦးသေဆုံးခဲ့သည်။ ၁၉၉၇ ခုနှစ်ကလည်း လေယာဉ်တစ်စီး ဆူမားတြားကျွန်းဆွယ် အနီးတွင် ပျက်ကျပြီး ခရီးသည် ၂၃၄ ဦးသေဆုံးခဲ့သည်။