အာရပ် ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်မည်

အာရပ်စော်ဘွားများပြည်ထောင်စုက အင်္ဂါဂြိုဟ်သို့ ပထမဆုံး စေလွှတ်မည့် အာကာသယာဉ်ကို သီတင်းပတ် အနည်းငယ်အတွင်း လွှင့်တင်တော့မည်ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 13 Jun 2020

အာရပ်စော်ဘွားများ ပြည်ထောင်စုသည် အာကာသစူးစမ်းလေ့လာရေးတွင် “မျှော်လင့်ချက်” စီမံကိန်းက အလှည့်အပြောင်း ဖြစ်စေမည်ဟု ယုံကြည်လျက်ရှိသည်။ (ဓာတ်ပုံ - The Mohammed Bin Rashid Space Centre)

အာရပ်စော်ဘွားများပြည်ထောင်စုက အင်္ဂါဂြိုဟ်သို့ ပထမဆုံး စေလွှတ်မည့် အာကာသယာဉ်ကို သီတင်းပတ် အနည်းငယ်အတွင်း လွှင့်တင်တော့မည်ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အင်္ဂါဂြိုဟ်သို့ သွားရောက်နိုင်မည့် ဂြိုဟ်ပတ်လမ်းကြောင်းသို့ စတင်ဝင်ရောက်နိုင်ရန် ကီလိုမီတာသန်းပေါင်း ၄၉၃ သန်း (မိုင်သန်းပေါင်း ၃၈၀) အကွာအဝေးအထိ ၇လကြာ ခရီးနှင်ရမည်ဖြစ်သည်။  

အဆိုပါ စူးစမ်းလေ့လာရေးယာဉ်သည် ဂြိုဟ်ပတ်လမ်းပေါ်တွင် အင်္ဂါဂြိုဟ်ကို Martian နှစ် တစ်နှစ်ကြာ (၆၈၇ ရက်ကြာမျှ) လှည့်ပတ်ကာ သတင်းအချက်အလက်များ ရယူစုဆောင်းသွားမည်ဖြစ်သည်။ အင်္ဂါဂြိုဟ်ကို တစ်ပတ်ပြည့်ရန် ၅၅ နာရီကြာမြင့်မည်ဖြစ်သည်။

ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သိပ္ပံပညာရှင်အဖွဲ့ခေါင်းဆောင် မစ်စ်ဆာရာ အာလ်-အမ်မီရီက ယခုစီမံကိန်းသည် အာကာသအင်ဂျင်နီယာပညာရပ်ကို စတင်လိုက်စားလာမည့် မျိုးဆက်သစ် အာရပ်သိပ္ပံပညာရှင်များအတွက် အဓိကဆွဲဆောင်အားတစ်ခု ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။  

မျှော်လင့်ချက်ဟု အဓိပ္ပာယ်ရသော အာမဲလ်အမည်ရှိ စက်ရုပ်အာကာသယာဉ်ကို ဂျပန်နိုင်ငံရှိ ဝေးကွာလှသောကျွန်းဖြစ်သည့် တာနဲဂါရှီးမားကျွန်းတွင် ဇူလိုင်လ ၁၄ ရက်နေ့တွင် လွှတ်တင်မည်ဖြစ်သည်။

ဂျပန်ဒုံးကျည်မှတစ်ဆင့် လွှတ်တင်မည့် အဆိုပါ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်၏ ရှုပ်ထွေးသည့် လေထုဖွဲ့စည်းမှုကို တိုင်းတာနိုင်မည့် အာရုံခံကိရိယာသုံးမျိုး တပ်ဆင်ထားသည်။ အင်္ဂါဂြိုဟ်ရှိ အမှုန်အမွှားနှင့် အိုဇုန်းတိုင်းတာမည့်ကြည်လင် ပြတ်သားမှုနှုန်းမြင့် ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်နိုင်သည့် ဘက်စုံသုံးကင်မရာလည်း ပါရှိမည်ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု ထိပ်တန်းတက္ကသိုလ် ဖြစ်သည့် အရီဇိုးနားပြည်နယ် တက္ကသိုလ်နှင့် ပူးပေါင်းဖန်တီးထားသည့် လေထုဖိအားနည်းပမာဏကို တိုင်းတာနိုင်မည့် အနီအောက် ရောင်ခြည်တိုင်းကိရိယာနှင့် အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်ပမာဏကို တိုင်းတာနိုင်မည့် ခရမ်းလွန် ရောင်ခြည်တိုင်းကိရိယာတို့လည်း ပါဝင်သည်။

မစ် အာလ်-အမ်မီရီက ပြောကြားရာတွင် ရေဖွဲ့စည်းရာတွင် မရှိမဖြစ်လိုအပ်သည့်  အဆိုပါဓာတ်ငွေ့နှစ်မျိုးသည် ဂြိုဟ်ပေါ် တွင် ပျောက်ကွယ်နေသည့်အကြောင်း အဆိုပါ သုတေသနတွင် အဓိကလေ့လာမည်ဖြစ်သည်။

ယူကေသိပ္ပံပြတိုက်များအဖွဲ့မှ ဒါရိုက်တာ ဆာ အီယန် ဘလက်ချ်ဖို့က အာကာသ စူးစမ်းလေ့လာမှုများသည် ဘူမိဗေဒကိုသာ လေ့လာလေ့ရှိကြပြီး ယခုလေ့လာမှုတွင် အင်္ဂါဂြိုဟ်ရာသီဥတုကို ဆန်းစစ်လေ့လာရာ၌ အပြည့်စုံဆုံး ဖြစ်လာတော့မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။