လေကြောင်းတိုက်ခိုက်မှုများကြောင့် မာရစ်မြို့တွင် ယီမင်သူပုန် ၁၃၄ ဦးထက်မနည်း သေဆုံး

ယီမင်နိုင်ငံ မာရစ်မြို့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများအတွင်း ယီမင်သူပုန် ၁၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဆော်ဒီဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

14 Oct 2021

ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၁၄

ယီမင်နိုင်ငံ မာရစ်မြို့တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများအတွင်း ယီမင်သူပုန် ၁၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဆော်ဒီဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

သို့သော်လည်း လက်နက်ကိုင်များသည် မာရစ်တောင်ပိုင်း ၁၆ မိုင်ခန့်အကွာရှိ ဒေသတစ်ခုကို ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များထံမှ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လအတွင်း မာရစ်မြို့တော်အနီး တစ်ကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများအတွင်း အီရန် ကျောထောက်နောက်ခံ ပေးထားသည့် ဟူသီသူပုန် ရာပေါင်းများစွာနှင့် အစိုးရသစ္စာခံများ သေဆုံးခဲ့သည်။

မာရစ်မြို့တော်သည် ရေနံကြွယ်ဝသည့် ယီမင်မြောက်ပိုင်းတွင် အစိုးရ၏ နောက်ဆုံးခံတပ်အဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက သတ်မှတ်ထားသည်။

ရှေ့တစ်ရက် လေကြောင်းတိုက်ခိုက်မှုများအတွင်း  သူပုန် ၁၅၀ ကျော် သေဆုံးခဲ့ကြောင်း ညွန့်ပေါင်းအဖွဲ့က ပြောကြားပြီးနောက်တွင် မာရစ်နယ်မြေရှိ အာဒီယာခရိုင်၌ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ပေါင်း ဒါဇင်နှင့်ချီ ဖြစ်ပွားခဲ့သည်။

“အာဒီယာက ဟူသီလက်နက်ကိုင်တွေရဲ့ စစ်ကား ၉ စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ သူတို့ရဲ့ ကျရှုံးမှုက ၁၃၄ ဦးအထိ ရှိတယ်” ဟု တရားဝင် ဆော်ဒီမီဒီယာက ထုတ်ပြန်သည့် ညွန့်ပေါင်းအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သူပုန်များသည် မာရစ်ဒေသတောင်ပိုင်းရှိ အယ်လ်ဂျောဘားခရိုင်ကို သိမ်းပိုက်ထားကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များထံမှ အင်္ဂါနေ့တွင် သိရသည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

အယ်လ်ဂျောဘားတွင် လက်နက်ကိုင်များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက်တွင် အစိုးရထောက်ခံသော တပ်ဖွဲ့များသည် ၎င်းတို့၏ စခန်းများကို စွန့်ခွာခဲ့ကြသည်။

ယီမင်နိုင်ငံ၌ ရှီးယိုက်သူပုန်များနှင့် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းစစ်တပ်က ထောက်ခံထားသည့် အစိုးရအကြား လက်နက်ကိုင် ပဋိပက္ခသည် ခုနစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

၂၀၁၄ ခုနှစ်က မာရစ်မြို့အနောက်ပိုင်း ၇၅ မိုင်သာ ကွာဝေးသည့် နိုင်ငံ၏မြို့တော် ဆာနာကို သူပုန်များသည် ထိန်းချုပ်ခဲ့ကြပြီး နောက်တစ်နှစ်တွင် ဆော်ဒီဦးဆောင်သည့် ပြည်ပအုပ်စုများက အစိုးရတစ်ရပ် ဖွဲ့စည်းပေးခဲ့ကြသည်။ ထိုအချိန်မှစတင်၍ နှစ်ဘက်တိုက်ပွဲများကြောင့် သေဆုံးသူ သောင်းနှင့်ချီ ရှိနေပြီဖြစ်ကာ နေရပ်စွန့်ခွာ ထွက်ပြေးရသော ပြည်သူအရေအတွက်မှာလည်း သန်းချီရှိနေပြီဖြစ်သည်။