- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
ကမ္ဘောဒီးယားတွင် အင်တာနက်ထိန်းချုပ်ရေး ဆင်ဆာလမ်းကြောင်းသစ် စတင်အသုံးပြုတော့မည်
ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး အင်တာနက်ထိန်းချုပ်ရေး စနစ်အသစ် (National Internet Gateway) စတင်အသက်ဝင်တော့မည် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
15 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၅
ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး အင်တာနက်ထိန်းချုပ်ရေး စနစ်အသစ် (National Internet Gateway) စတင်အသက်ဝင်တော့မည် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုလမ်းကြောင်းသစ်အရ တစ်နိုင်ငံလုံးရှိ အင်တာနက်သုံးစွဲမှုများ အားလုံးသည် အစိုးရထိန်းချုပ်ထားသည့် တစ်ခုတည်းသော လမ်းကြောင်း (Gateway) မှတစ်ဆင့် ဖြတ်သန်းရတော့မည် ဖြစ်သဖြင့် တစ်ကိုယ်ရေလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောရေးဆိုခွင့်တို့ကို ဆိုးရွားစွာ ထိခိုက်စေတော့မည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက သတိပေးလျက်ရှိသည်။
ယခုလုပ်ရပ်သည် ပြီးခဲ့သော နှစ်များအတွင်း အွန်လိုင်းရေးသားမှုများကို ဖိနှိပ်ကာ လူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့သည့် ဝန်ကြီးချုပ်ဟွန်ဆန်၏ အတိုက်အခံများအား ဖိနှိပ်သည့် လုပ်ရပ်များအနက် နောက်ဆုံး လုပ်ရပ်လည်းဖြစ်ကြောင်း ဝေဖန်သူများက ပြောသည်။
အင်တာနက်ကုမ္ပဏီ ISP များအနေဖြင့် အစိုးရသတ်မှတ်ထားသည့် ‘အမျိုးသားအကျိုးစီးပွား၊ လုံခြုံရေး၊ လူမှုဂေဟစနစ်၊ လူ့ကျင့်ဝတ်၊ ဓလေ့ထုံးတမ်း အစဉ်အလာ’ စသောအချက်များကို ဖောက်ဖျက်သည့် ဝက်ဘ်ဆိုက်များနှင့် အင်တာနက်အသုံးပြုမှုများကို ပိတ်ပေးရမည် ဖြစ်သည်။
“ဒါက ဆင်ဆာလုပ်ရုံမဟုတ်ဘူး၊ ထိန်းချုပ်ရေးနဲ့လည်း ဆိုင်တယ်” ဟု သြစတြေးလျ RMIT တက္ကသိုလ်မှ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ မတ်ဝါရန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
ကမ္ဘောဒီးယားအစိုးရ၏ အကြီးဆုံးကြောက်ရွံ့မှုမှာ မြန်မာနိုင်ငံမှ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားသူများကဲ့သို့ ဆိုရှယ်မီဒီယာကို အသုံးပြုကာ အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဆောင်ရွက်လာကြမည့်အရေး ဖြစ်ကြောင်း သူက ထောက်ပြသည်။
ယခုအင်တာနက်ဆင်ဆာ စနစ်သစ်သည် ဟွန်ဆန်အတွက် အတိုက်အခံများကို နှုတ်ပိတ်ရာတွင် ပိုမိုအသုံးဝင်စေမည်ဟု ကမ္ဘောဒီးယား လူ့အခွင့်အရေးစင်တာ (CCHR) က ပြောကြားသည်။
ကမ္ဘောဒီးယားတွင် ၂၀၂၁ ခုနှစ်၌ အစိုးရကို ဝေဖန်သည့် အွန်လိုင်းပို့စ်များကြောင့် ဖမ်းဆီး ထောင်ချခံရခြင်း သို့မဟုတ် ဖမ်းဝရမ်း ထုတ်ခံရခြင်းများ ရင်ဆိုင်ခဲ့ရသူ အနည်းဆုံး ၃၉ ဦးရှိခဲ့ကြောင်း CCHR ၏ ပြောကြားချက်အရ သိရသည်။