တရုတ်၊ မြောက်ကိုရီးယား ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရသည့် ဂျပန် ကာကွယ်ရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရန် ဂျပန်ဝန်ကြီးချုပ် ကတိပြု

နိုင်ငံကာကွယ်ရေးအတွက် ရန်သူ၏ အခြေစိုက်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်စွမ်း အပါအဝင် နည်းလမ်းများအားလုံးကို ထည့်သွင်းစဉ်းစားမည်ဟု ပြောကြားချက်အား ဂျပန်ဝန်ကြီးချုပ် ဖူမီဒိုကီရှီဒါက စနေနေ့ပြုလုပ်သည့် တပ်စစ်ဆေးခြင်းအခမ်းအနားတွင် ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

27 Nov 2021

ဓာတ်ပုံ - AP

DMG ၊ နိုဝင်ဘာ ၂၇

နိုင်ငံကာကွယ်ရေးအတွက် ရန်သူ၏ အခြေစိုက်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်စွမ်း အပါအဝင် နည်းလမ်းများအားလုံးကို ထည့်သွင်းစဉ်းစားမည်ဟု ပြောကြားချက်အား ဂျပန်ဝန်ကြီးချုပ် ဖူမီဒိုကီရှီဒါက စနေနေ့ပြုလုပ်သည့် တပ်စစ်ဆေးခြင်းအခမ်းအနားတွင် ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်နှင့် မြောက်ကိုရီးယားအန္တရာယ် မြင့်တက်လာမှုကို ရင်ဆိုင်နေရသည့် နိုင်ငံကို ကာကွယ်ရန်အတွက် အင်အားပိုကြီးသည့် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်အောင် ကြိုးစားမည်ဟုလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

ကီရှီဒါသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ဝန်ကြီးချုပ်ရာထူး ရယူခဲ့သူ ဖြစ်သည်။ ကြည်းတပ်အဖွဲ့ဝင် များအား မိန့်ခွန်းပြောကြားရာ၌ ဝန်ကြီးချုပ်က “လိုအပ်သည့် ကာကွယ်ရေးအင်အား ရရှိအောင် ကြိုးပမ်းရာ၌ ရန်သူ့စခန်းကို သိမ်းပိုက်နိုင်စွမ်းအပါအဝင် နည်းလမ်းပေါင်းစုံကို ထည့်သွင်းစဉ်းစားသွားမည်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

“ဂျပန်ပတ်ပတ်လည်က လုံခြုံရေး အခြေအနေဟာ မခန့်မှန်းနိုင်လောက်တဲ့ နှုန်းနဲ့ အလျင်အမြန် ပြောင်းလဲနေပါတယ်။ အရင်က သိပ္ပံဝတ္ထုတွေမှာပဲ ဖတ်ခဲ့ရတာတွေက အခု အပြင်မှာ လက်တွေ့ဖြစ်နေပြီ” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

မိမိနှင့် မိမိတို့အစိုးရအဖွဲ့သည် ပြည်သူလူထု၏ ဘဝများကို ကာကွယ်ရန်နှင့် နားလည်မှုရယူရန် လိုအပ်သည်များကို ဆုံးဖြတ်နိုင်မည့် တည်ငြိမ်ပြီး လက်တွေ့ကျသည့် ဆွေးနွေးမှုများ ဦးစီးဆောင်ရွက်သွားမည်ဟုလည်း သူကပြောသည်။

တိုကျိုမြို့တော်မြောက်ပိုင်းရှိ အာဆာကာ အခြေစိုက်စခန်း၌ စနေနေ့ ပြုလုပ်သည့် ပထမအကြိမ် တပ်စစ်ဆေးပွဲ အခမ်းအနား၌ စစ်ဆေးမှုခံယူရန် တပ်ဖွဲ့ဝင် ၈၀၀ တက်ရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကီရှီဒါအစိုးရအဖွဲ့သည် နောက်နှစ် မတ်လအထိ ပဲ့ထိန်းဒုံး၊ ရေငုပ်သင်္ဘောသုံး ဒုံးကျည်နှင့် အခြားလက်နက်များ ဝယ်ယူရေးအတွက် ကာကွယ်ရေးအသုံးစရိတ် ထပ်ဆောင်းရန်ပုံငွေ ဂျပန်ယန်း ရ၇၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၆.၈ ဘီလျံ) တောင်းခံရေးကို သောကြာနေ့တွင် အတည်ပြုခဲ့သည်။ အစိုးရအဖွဲ့၏ တောင်းခံချက်ကို လွှတ်တော်က အတည်ပြုပေးရဦးမည် ဖြစ်သည်။

ယခုနှစ်အတွက် ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၂၀ ခုနှစ်ထက် ၁၅ ရာခိုင်နှုန်း ပိုများပြီး ယန်းငွေ ၆.၁ ထရီလျံ (အမေရိကန်ဒေါ်လာ ၅၃.၂ ဘီလျံ) အထိရှိကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။