ဂျပန်ဝေဟင်ကို တရုတ်လေယာဉ်ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ယခုကဲ့သို့ တရုတ်စစ်ဘက် လေယာဉ်တစ်စင်း ဂျပန်ပိုင်နက်ထဲသို့ ဝင်ရောက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သော်လည်း ရှေ့တွင်လည်း အလားတူ ဖြစ်ရပ်မျိုး နှစ်ကြိမ်ရှိခဲ့ဖူးသည်။

By Admin 27 Aug 2024

ဂျပန်ဝေဟင်ထဲသို့ သြဂုတ်လ ၂၆ ရက်နေ့က ကျူးကျော်ဝင်ရောက်ခဲ့သည့် Y-9 အမျိုးအစား တရုတ်ထောက်လှမ်းရေး လေယာဉ်တစ်စီး။ (ဓာတ်ပုံ - ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန)
ဂျပန်ဝေဟင်ထဲသို့ သြဂုတ်လ ၂၆ ရက်နေ့က ကျူးကျော်ဝင်ရောက်ခဲ့သည့် Y-9 အမျိုးအစား တရုတ်ထောက်လှမ်းရေး လေယာဉ်တစ်စီး။ (ဓာတ်ပုံ - ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန)

တရုတ်စစ်တပ်၏ ထောက်လှမ်းရေး လေယာဉ်တစ်စင်းသည် ဂျပန်ဝေဟင်ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၂၆ ရက်နေ့တွင် အတည်ပြုပြောကြားလိုက်သည်။

Y-9 အမျိုးအစား အဆိုပါ လေယာဉ်သည် တနင်္လာနေ့ နံနက် ၁၁ နာရီ ၂၉ မိနစ်တွင် နာဂါဆာကီဒေသ အနောက်တောင်ပိုင်း၌ ဒန်ဂျိုကျွန်းစုများအနီးရှိ အရှေ့တရုတ်ပင်လယ် ရေပြင်ပေါ်တွင် ၂ မိနစ်ခန့် ဖြတ်ကျော်ပျံသန်းသွားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုကဲ့သို့ ကျူးကျော်ဝင်ရောက်မှုကြောင့် ဂျပန်တိုက်လေယာဉ်များသည် ခုခံကာကွယ်ရေးအတွက် အရေးပေါ် ပျံတက်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာဆာတာကာ အိုကာနိုသည် တရုတ်ရေးရာ တာဝန်ခံ ရှီယောင်းကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောကြားခဲ့ကာ အလားတူဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရေးအတွက် အာမခံစေခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

ယခုကဲ့သို့ တရုတ်စစ်ဘက် လေယာဉ်တစ်စင်း ဂျပန်ပိုင်နက်ထဲသို့ ဝင်ရောက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သော်လည်း ရှေ့တွင်လည်း အလားတူ ဖြစ်ရပ်မျိုး နှစ်ကြိမ်ရှိခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဂျပန်အုပ်ချုပ်နေပြီး တရုတ်က ပိုင်ဆိုင်ကြောင်း ပြောကြားထားသည့် အရှေ့တရုတ်ပင်လယ်ရှိ ဆန်ကာကူကျွန်းစုများအနီးတွင် တရုတ် ရေကြောင်း ထောက်လှမ်းရေး လေယာဉ်တစ်စင်း ပျံသန်းမှုနှင့် တရုတ်ကမ်းခြေစောင့် သင်္ဘောမှ လွှတ်တင်လိုက်သည့် ဒရုန်းတစ်စင်း ပျံဝဲမှုတို့ ရှိခဲ့သည်။

ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် ဆန်ကာကူ ကျွန်းစုများအရေးနှင့် ပတ်သက်ပြီး အငြင်းပွားနေကြသည်မှာ ကြာပြီ ဖြစ်သလို ဂျပန်ပိုင်နက်တွင်းရှိ လူမနေသည့် ကျွန်းစုများအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်များ အကြိမ်ကြိမ် ဝင်ရောက်မှုများနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံအကြား မကြေလည်မှုများ ရှိနေသည်။