- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကက်ရှ်မီးယားတွင် အင်တာနက်ဝန်ဆောင်မှုကို တစ်စိတ်တစ်ပိုင်းပြန်လည်ခွင့်ပြု
ဟိန္ဒူဘာသာဝင်များ အဓိကနေထိုင်ရာ ဂျမ်မူးဒေသတွင် 2G နှင့် Broadband အင်တာနက်ကို အကန့်အသတ်ဖြင့် ပြန်လည်ရရှိလာခဲ့သော်လည်း မွတ်ဆလင်များ အဓိကနေထိုင်ရာ ကက်ရှ်မီးယားတောင်ကြားဒေသတွင်မူ အင်တာနက်ဝန်ဆောင်မှု ပြန်လည်ရရှိခြင်း မရှိသေးပေ။
16 Jan 2020
အိန္ဒိယနိုင်ငံ၏ ပဋိပက္ခများဖြစ်ပွားလျက်ရှိသော ကက်ရှ်မီးယားဒေသတွင် အင်တာနက်ပိတ်ပင်ထားမှုကို တစ်စိတ်တစ်ပိုင်း ရုတ်သိမ်းပေးလိုက်ပြီဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဟိန္ဒူဘာသာဝင်များ အဓိကနေထိုင်ရာ ဂျမ်မူးဒေသတွင် 2G နှင့် Broadband အင်တာနက်ကို အကန့်အသတ်ဖြင့် ပြန်လည်ရရှိလာခဲ့သော်လည်း မွတ်ဆလင်များ အဓိကနေထိုင်ရာ ကက်ရှ်မီးယားတောင်ကြားဒေသတွင်မူ အင်တာနက်ဝန်ဆောင်မှု ပြန်လည်ရရှိခြင်း မရှိသေးပေ။
ထို့ပြင် အင်တာနက်ပြန်လည်ရရှိသော နေရာများတွင်လည်း မိုဘိုင်းလ်အင်တာနက်နှင့် လူမှုကွန်ယက်များ အသုံးပြုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
အိန္ဒိယအစိုးရသည် ၎င်းတို့အုပ်ချုပ်မှုအောက်ရှိ ကတ်ရှ်မီးယားဒေသ၌ ပြီးခဲ့သောနှစ် သြဂုတ်လ ၄ ရက်နေ့ကတည်းက အင်တာနက်ဝန်ဆောင်မှု ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
ဥပဒေစိုးမိုးမှုရှိစေရေးအတွက် ထိုကဲ့သို့ အင်တာနက်ဝန်ဆောင်မှု ပိတ်ပင်ထားရခြင်းဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များက အကြောင်းပြထားပြီး အင်တာနက်ကိုအသုံးချကာ သတင်းမှာဖြန့်ဝေမှုများနှင့် လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ရန် အစီအမံချမှတ်ခြင်းများရှိသည်ဟုလည်း ဆိုထားသည်။
သို့ရာတွင် ဝေဖန်သုံးသပ်သူများကမူ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အင်တာနက်ဖြတ်တောက်မှုအရှည်ကြာဆုံး အဖြစ်စံချိန်တင်ထားသော ကက်ရှ်မီးယားအင်တာနက်ဖြတ်တောက်မှုအပေါ် အလွန်ပြင်းထန်ပြီး ဒီမိုကရေစီနည်းမကျသော လုပ်ရပ်အဖြစ် ဝေဖန်ထောက်ပြလျက်ရှိသည်။
ကက်ရှ်မီးယားတောင်ကြားဒေသသည် အိန္ဒိယ၏အုပ်ချုပ်မှုအောက်တွင် ကာလကြာရှည်လက်နက်ကိုင်အုံကြွမှုများ ဖြစ်ပွားလျက်ရှိသော ဒေသဖြစ်သည်။
ယင်းဒေသတွင် အင်တာနက်ဖြတ်တောက်ခြင်း၊ အစောပိုင်းကဆိုလျှင် မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ဖြတ်တောက်ခြင်းတို့ကဲ့သို့သော ဆက်သွယ်ရေးဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းကြောင့် ဒေသစီးပွားရေးကို ကြီးကြီးမားမားထိခိုက်စေခဲ့ကာ စီးပွားရေးလုပ်ငန်းအများအပြားမှာ ဆက်လက်ရပ်တည်နိုင်ရန် ခက်ခက်ခဲခဲ ရပ်တည်ရလျက်ရှိသည်။
ယခုအခါတွင် အင်တာနက်ဝန်ဆောင်မှုများကို တစ်စိတ်တစ်ပိုင်းပြန်လည်ခွင့်ပြုလိုက်ပြီဆိုသော်လည်း ခရိုင်လေးခုရှိ ဘဏ်များ၊ ဆေးရုံများ၊ အစိုးရရုံးများကဲ့သို့သော အရေးကြီးဌာနနှင့်လုပ်ငန်းများကိုသာ Broadband အင်တာနက်လိုင်း ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယင်းအင်တာနက်ဆက်သွယ်မှုများကိုလည်း အာဏာပိုင်များက တင်းတင်းကြပ်ကြပ်စောင့်ကြည်သွားမည် ဖြစ်သည်။