- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပါကစ္စတန်ဝန်ကြီးချုပ်မိန့်ခွန်း ထွက်ပေါ်ပြီးနောက် အိန္ဒိယကက်ရှမီးယားတွင် လုံခြုံရေးတင်းကျပ်
ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းက သောကြာနေ့က ကုလသမဂ္ဂအထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ အိန္ဒိယ ဘက်မှ ကက်ရှမီးယားဒေသတွင် သြဂုတ်လကတည်းက ချမှတ်ထားသော ပိတ်ပင်တားဆီးမှုများကို ရုပ်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားသော ထောင်နှင့်ချီသည့် လူများကိုပြန်လွှတ်ပေးလိုက်သည်နှင့် တပြိုင်နက် သွေးချောင်းစီးမှုတစ်ရပ် ဖြစ်ပွားလိမ့်မည်ဟု ထည့်သွင်းပြောကြားကာ ကြိမ်းမောင်းသတိပေး
28 Sep 2019
လက်ရှိကျင်းပနေသော ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါကစ္စတန်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပေါ်ပေါက်လာနိုင်သော ဆန္ဒပြပွဲများကိုကြိုတင်ကာကွယ်ရန် အိန္ဒိယအာဏာပိုင်များက ကက်ရှမီးယားဒေသ ၎င်းတို့ပိုင်နက် တွင် လူစုလူဝေးလှုပ်ရှားမှုများကို တားဆီးကန့်သတ်သော လုံခြုံရေးအစီအမံများ ချမှတ်လိုက်သည်ဟု Reuters သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းက သောကြာနေ့က ကုလသမဂ္ဂအထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ အိန္ဒိယ ဘက်မှ ကက်ရှမီးယားဒေသတွင် သြဂုတ်လကတည်းက ချမှတ်ထားသော ပိတ်ပင်တားဆီးမှုများကို ရုပ်သိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားသော ထောင်နှင့်ချီသည့် လူများကိုပြန်လွှတ်ပေးလိုက်သည်နှင့် တပြိုင်နက် သွေးချောင်းစီးမှုတစ်ရပ် ဖြစ်ပွားလိမ့်မည်ဟု ထည့်သွင်းပြောကြားကာ ကြိမ်းမောင်းသတိပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့မိန့်ခွန်းပြောကြားပြီး မကြာမီမှာပင် ရာနှင့်ချီသော ကက်ရှမီးယားဒေသခံများသည် အိမ်ပြင်သို့ထွက်ပြီး ခန်းကို ထောက်ခံသည့်ဆောင်ပုဒ်များ ကြွေးကြော်ကာ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။
ယနေ့ (စနေနေ့)တွင် ကက်ရှမီးယားဒေသ၌ ရဲများက လူစုလူဝေးဖြင့် လှုပ်ရှားမှုများကို ကန့်သတ်ပိတ်ပင်သည့် ကြေညာချက်များကို ကားများဖြင့် လိုက်လံကြေညာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များလည်း တိုးမြှင့်ချထားခဲ့ကာ ဆန္ဒပြမှုများကို ကြိုတင်တားဆီး ကာကွယ်ခဲ့သည်ကိုတွေ့ရသည်ဟု တာဝန်ရှိသူများနှင့် မျက်မြင်တွေ့ရှိသူနှစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သတ်မှတ်ထားသည့် အချိန် ၁၅ မိနစ်ထက် များစွာကျော်လွန်ပြီး မိနစ် ၅၀ ထိကြာမြင့်ခဲ့သော ပါကစ္စတန်ဝန်ကြီးချုပ် ခန်း၏မိန့်ခွန်းကို အိန္ဒိယဘက်မှ တရားဝင်စာထုတ်၍ တုံ့ပြန်ခဲ့ပြီး အမုန်းတရားပွားစေသော မသင့်လျော်သည့် အသုံးအနှုန်းများ ပါဝင်နေသည်ဟု ဝေဖန်လိုက်ကြောင်း Times of India သတင်းဌာနတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
မူစလင်ဘာသာဝင်များ အဓိကနေထိုင်သော ကက်ရှမီးယားဒေသသည် နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံ ၂ နိုင်ငံ ဖြစ်သည့် အိန္ဒိယနှင့်ပါကစ္စတန် ကာလကြာရှည် အငြင်းပွားပဋိပက္ခဖြစ်ပွားရာ ဒေသဖြစ်နေခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံကြား ဖြစ်ပွားသည့် စစ်ပွဲ ၃ ပွဲတွင် ၂ ပွဲမှာ ကက်ရှမီးယားဒေသ နယ်နမိတ်ပိုင်းခြား သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကက်ရှမီးယားဒေသကို အိန္ဒိယနှင့်ပါကစ္စတန် ၂ နှစ်ငံစလုံးက ကိုယ့်အပိုင်းနှင့်ကိုယ် အုပ်ချုပ်လျက်ရှိပြီး ဒေသတစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရှိသည်ဟုလည်း နှစ်ဖက်စလုံးမှ တောင်းဆိုလျက်ရှိသည်။
ခန်းက ကက်ရှမီးယားဒေသတွင် လူမဆန်သည့် ညမထွက်ရ အမိန့်၏ ၎င်းတံဆိပ်ကပ်ထားသော အိန္ဒိယ၏ ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်သည်နှင့် တပြိုင်နက် သွေးချောင်းစီးမှုတစ်ရပ် ပေါ်ပေါက်လာလိမ့်မည်ဟု ကြိမ်းမောင်းပြောကြားခဲ့သော်လည်း ညမထွက်ရအမိန့်ကို ရုပ်သိမ်းပေးရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်လည်း ၎င်းက သူ၏မိန့်ခွန်းတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။
ကက်ရှမီးယားဒေသတွင် ချမှတ်ထားသော ပိတ်ပင်ကန့်သတ်မှုများကို ရုပ်သိမ်းရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရေး အိန္ဒိယဘက်မှ အမြန်ဆုံးလုပ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်အစိုးရကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကြာသပတေးနေ့က ပြောကြားသွားသည်။