အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မည့် တောင်ကိုရီးယားအား မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမ သတိပေး

တောင်ကိုရီးယားကသာ အမေရိကန်နှင့် စီစဉ်ထားသည့်အတိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဆိုပါက ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုကို ထိခိုက်စေလိမ့်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ညီမဖြစ်သူက ပြောကြားလိုက်သည်။

04 Aug 2021

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံ။ (ဓာတ်ပုံ - Reuters)

DMG ၊ ဩဂုတ် ၄

တောင်ကိုရီးယားကသာ အမေရိကန်နှင့် စီစဉ်ထားသည့်အတိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဆိုပါက ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုကို ထိခိုက်စေလိမ့်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ညီမဖြစ်သူက ပြောကြားလိုက်သည်။

ကင်ယိုဂျုံ၏ ပြောကြားချက်ကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က သြဂုတ်လ ၁ ရက်နေ့တွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံအကြား အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ပြန်လည်အစပြုရန် မကြာသေးမီက ဆုံးဖြတ်ချက်ကို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ချိတ်ဆက်မှုထက် ကျော်လွန်၍ မရှုမြင်သင့်ကြောင့်လည်း သူမက ပြောသည်။ ယခု ဖြစ်ထွန်းမှုများကြောင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည့် အခြေအနေ နီးကပ်နေပြီဟု ယူဆလျှင် အမြော်အမြင်မဲ့ရာသာ ရောက်မည်ဟု ကင်ယိုဂျုံက ပြောကြားခဲ့သည်။

တောင်နှင့်မြောက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ကြိုးပမ်းသည့်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ရန် ညှိနှိုင်းပြောဆိုနေကြသည့် အချိန်၌ ယခုကဲ့သို့ ကင်ယိုဂျုံ၏ သဘောထားမှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝါရှင်တန်နှင့် ဆိုးလ်အကြားတွင်လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို သြဂုတ်လ နှောင်းပိုင်းတွင် ကျင်းပရန် ရှိနေသည်။

“တောင်ကိုရီးယားတို့အနေဖြင့် ရန်မူသည့် စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်မည်လား သို့မဟုတ် ကြီးမားသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်မည်လား ဆိုသည်ကို မိမိတို့အစိုးရနှင့် စစ်တပ်က အနီးစပ် စောင့်ကြည့်နေမည်ဖြစ်သည်။ မျှော်လင့်ချက်လား စိတ်ပျက်ရမှုလား ဟူသည်မှာ မိမိတို့အပေါ် မူတည်ခြင်းမရှိ။” ဟု ကင်ယိုဂျုံ၏ ကြေညာချက်အတွင်း ထည့်သွင်းပြောကြားချက်ကို KCNA က ဖော်ပြခဲ့သည်။

တောင်နှင့်မြောက်ကိုရီးယား တို့သည် ၁၉၅၀-၅၃ ပဋိပက္ခတွင် အပစ်အခတ် ရပ်စဲခဲ့ပြီးချိန်မှစ၍ လက်ရှိအချိန်အထိ နှစ်နိုင်ငံ စစ်ရေးအရ ထိပ်တိုက်တင်းမာမှု ရှိနေကြဆဲ ဖြစ်သည်။

မြောက်ကိုရီးယားသည် ၂၀၂၀ ဇွန်လတွင် ၎င်းတို့ ရပ်ဆိုင်းခဲ့သည့် နှစ်နိုင်ငံ အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ဇူလိုင်လ ၂၇ ရက် ပြီးခဲ့သောအင်္ဂါနေ့တွင် ပြန်လည် ချိတ်ဆက်ခဲ့သည်။