စစ်သည်တော်များ ကင်ဂျုံအန်းကို အသက်ပေးသစ္စာစောင့်သိကြရန် မြောက်ကိုရီးယား ပြော

မြောက်ကိုရီးယား စစ်သည်တော်များအနေဖြင့် ခေါင်းဆောင်ကင်ဂျုံအန်းအား အသက်ပေးကာကွယ်ကြရန် ပြည်တွင်းထုတ် သတင်းစာတစ်စောင်၏ အယ်ဒီတာ့အာဘော်တွင် ရေးသားတောင်းဆိုထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ စစ်တပ်၏ စစ်ဦးစီးချုပ်ရာထူးကို ခေါင်းဆောင်ကင်ဂျုံအန်း ဆက်ဆံရယူထားခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပချိန်၌ ၁.၂ သန်း ပမာဏရှိသော စစ်သည်တော်များအား ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

31 Dec 2021

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း။ (ဓာတ်ပုံ - AP)

DMG ၊ ဒီဇင်ဘာ ၃၁

မြောက်ကိုရီးယား စစ်သည်တော်များအနေဖြင့် ခေါင်းဆောင်ကင်ဂျုံအန်းအား အသက်ပေးကာကွယ်ကြရန် ပြည်တွင်းထုတ် သတင်းစာတစ်စောင်၏ အယ်ဒီတာ့အာဘော်တွင် ရေးသားတောင်းဆိုထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ စစ်တပ်၏ စစ်ဦးစီးချုပ်ရာထူးကို ခေါင်းဆောင်ကင်ဂျုံအန်း ဆက်ဆံရယူထားခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပချိန်၌ ၁.၂ သန်း ပမာဏရှိသော စစ်သည်တော်များအား ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

နိုင်ငံ၏ ထိပ်တန်းအရာရှိများ တက်ရောက်ကြမည့် အရေးပါသော နိုင်ငံရေးညီလာခံတစ်ရပ် ကျင်းပနေချိန်၌ ယခုကဲ့သို့ နှစ်ပတ်လည်အထိမ်းအမှတ်နေ့ ကျရောက်လာခြင်း ဖြစ်သည်။ ယခု ညီလာခံအတွင်း မြောက်ကိုရီးယား၏ ထိပ်တန်းခေါင်းဆောင်များသည် ကိုဗစ်ကပ်ဘေး ဖြေရှင်းရေးအစီအစဉ်များ၊ အမေရိကန်နှင့် ကာလရှည်ကြာရှိနေခဲ့သော သံတမန်တင်းမာမှုများကြောင့် ထွက်ပေါ်လာသည့် အခက်အခဲများကို ဆွေးနွေးနိုင်ခြေရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

တရားဝင်ထုတ်ဝေသည့် ရိုဒုန်းဆင်မွန်သတင်းစာ၌ ရှည်လျားစွာရေးသားထားသည့် အယ်ဒီတာအာဘော်တွင် မြောက်ကိုရီးယားစစ်တပ်အရာရှိများနှင့် တပ်သားများသည် “မထိုးဖောက်နိုင်သော ခံတပ်ကြီးနှင့် ကျည်ကာနံရံကြီးသဖွယ် (ကင်ဂျုံအန်းအား) အသက်ပေးကာကွယ် ကြရမည်” ဟု ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံနှင့်လူမျိုးအတွက် ယုံကြည်အားထားရသည့် စောင့်ရှောက်သူအဖြစ် တာဝန်ထမ်းဆောင်မည့် ပိုမိုခေတ်မီပြီး အဆင့်မြင့်သည့်စစ်တပ် တည်ဆောက်ကြရန်လည်း အယ်ဒီတာအာဘော်က ရေးသားသည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း နိုင်ငံတွင်း အခက်အခဲများ ရင်ဆိုင်ရချိန်၌ အတုံးလိုက်အတစ်လိုက် ဝါဒဖြန့်ချိထားသည့် စာများ ဖော်ပြကာ လူထုကို ကင်ဂျုံအန်းအတွက် ရပ်တည်ပေးကြရန် တိုက်တွန်းလေ့ရှိသည်။

ကင်ဂျုံအန်းသည် ၎င်းအုပ်ချုပ်လာသည့် ပြီးခဲ့သော ၁၀ နှစ်တာကာလအတွင်း ကိုဗစ်ကပ်ဘေး၊ အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုများအပြင် ကိုယ်တိုင်စီမံခန့်ခွဲမှု အလွဲများကြောင့် အခက်ခဲဆုံးကာလကို ရင်ဆိုင်နေကြကြောင်း လေ့လာသူအချို့က ထောက်ပြလျက်ရှိသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပြီးခဲ့သော တနင်္လာနေ့က အာဏာရ လုပ်သားပါတီ၏ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့သည်။ နှစ်ရက်တာ အစည်းအဝေးအတွင်း ကင်သည် နိုင်ငံ၏ ဝေးလံခေါင်သီသည့် နေရာများဖွံ့ဖြိုးရေးအတွက် အသေးစိတ်မသိရသေးသည့် ဖွံ့ဖြိုးရေးမဟာဗျူဟာများ ချမှတ်ခဲ့ကာ အစည်းအဝေးတက်ရောက်သူများသည်လည်း လာမည့်နှစ်အတွက် ဘဏ္ဍာရေးရန်ပုံငွေနှင့် အခြားသောအစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဖော်ပြသည်။