အမေရိကအထိပစ်ခတ်နိုင်အောင် ဖန်တီးထားသည်ဟုယူဆရသည့် ပဲ့ထိန်းဒုံး မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

မြောက်ကိုရီးယားနိုင်ငံသည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ၎င်း၏အိမ်နီးချင်း တောင်ကိုရီးယားနှင့် ဂျပန်တို့က ပြောကြားလိုက်သည်။

By Admin 18 Nov 2022

အမေရိကအထိပစ်ခတ်နိုင်အောင် ဖန်တီးထားသည်ဟုယူဆရသည့် ပဲ့ထိန်းဒုံး မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

ဓာတ်ပုံ - AP

DMG | နိုဝင်ဘာ ၁၈

မြောက်ကိုရီးယားနိုင်ငံသည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ၎င်း၏အိမ်နီးချင်း တောင်ကိုရီးယားနှင့် ဂျပန်တို့က ပြောကြားလိုက်သည်။

အဆိုပါဒုံးကျည်သည် အမေရိကန်ပြည်ထောင်စု အတွင်းပိုင်းအထိ ပစ်ခတ်ရောက်ရှိနိုင်အောင် ထုတ်လုပ်ထားသည်ဟု ယူဆရကြောင်းလည်း အဆိုပါနိုင်ငံများက ပြောကြားသည်။

မြောက်ကိုရီးယားသည် သောကြာနေ့အစောပိုင်းက နိုင်ငံအရှ့ပိုင်း ကမ်းခြေမှနေ၍ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း တောင်ကိုရီးယား စစ်ဘက်က သတင်းထုတ်ပြန်သည်။

အဆိုပါဒုံးကျည်သည် တိုက်ချင်းပစ်ဒုံးကျည် ဖြစ်နိုင်ခြေရှိသည်ဟုလည်း နောက်ပိုင်းတွင် ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်၌လည်း မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ဂျပန်စံတော်ချိန် သောကြာနေ့နံနက် ၁၀ နာရီ ၁၄ မိနစ်တွင် ပစ်ခတ်ခဲ့ပြီး ဂျပန်အထူးစီးပွားရေးဇုန် ရေပြင်ဧရိယာအတွင်း ကျရောက်နိုင်ခြေရှိသည်ဟု ဖော်ပြသည်။

ယခုပစ်ခတ်မှုသည် သီတင်းနှစ်ပတ်တာအတွင်း မြောက်ကိုရီးယားဘက်က ပထမဆုံးအဖြစ် တိုက်ချင်းပစ်ဒုံး ပစ်လွှတ်မှုဟု ဂျပန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားသည် နိုဝင်ဘာလ ၃ ရက်နေ့ကလည်း တိုက်ချင်းပစ်ဒုံးတစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့သည်။ အဆိုပါဒုံးကျည်သည် ဦးတည်ချက်အတိုင်း မရောက်ခဲ့ဘဲ ပျက်ကျခဲ့သည်။

အမေရိကန်သည် တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ဆက်ဆံရေးကို အားကောင်းခိုင်မာအောင် ပြုလုပ်နေပြီး မြောက်ကိုရီးယားသည် အမေရိကန်၏ လုပ်ရန်ကို ကန့်ကွက်သည့်သဘောဖြင့် မကြာခဏဆိုသလို ဒုံးကျည်ပစ်လွှတ်မှုများ ပြုလုပ်လျက်ရှိသည်။

မြောက်ကိုရီးယားသည် ကြာသပတေးနေ့ကလည်း တာတိုပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ပစ်လွှတ်မှု မပြုလုပ်မီ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်းဟူက တောင်ကိုရီးယား၊ဂျပန်တို့နှင့် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်လုပ်လာနေသည့် အမေရိကန်၏ လုပ်ရပ်ကို ပြင်းထန်သော စစ်ရေးတုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။

ဗီဒီယိုများ