အီရန်အပေါ် အမေရိကန်စီးပွားရေးပိတ်ဆို့မှု နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ဟု မလေးရှားဝန်ကြီးချုပ် ပြော

အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်သည့် အမေရိကန်တို့၏လုပ်ရပ်မှာ ကုလပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမတ် ကပြောကြားလိုက်သည်ဟု Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 15 Dec 2019

ပုံစာ - အီရန်အပေါ် အမေရိကန်တို့က တစ်ဖက်သတ် ထပ်မံအရေးယူပိတ်ဆို့ခြင်းကို မလေးရှားက လက်မခံနိုင်ဟု မဟာသီယာကပြောသည်။ (ဓာတ်ပုံ - Reuters)

အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်သည့် အမေရိကန်တို့၏လုပ်ရပ်မှာ ကုလပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမတ် ကပြောကြားလိုက်သည်ဟု Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မဟာသီယာသည် တနင်္ဂနွေနေ့(ဒီဇင်ဘာ ၈ ရက်)က ကာတာတွင်ပြုလုပ်သော ညီလာခံတစ်ခုတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး "အီရန်အပေါ် အမေရိကန်တို့က တစ်ဖက်သတ်အရေးယူပိတ်ဆို့မှု ထပ်မံချမှတ်တာကို မလေးရှားအနေနဲ့ မထောက်ခံနိုင်ပါဘူး" ဟုလည်း ပြောကြားခဲ့သည်။

အမေရိကန်တို့က အီရန်ကိုပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်ခြင်းကြောင့် မလေးရှားနှင့်အခြားနိုင်ငံများသည် ကြီးမားသောဈေးကွက်တစ်ခုကို ဆုံးရှုံးခဲ့ရသည်ဟုလည်း မဟာသီယာကပြောကြားသည်။

" ဒီလို အရေးယူပိတ်ဆို့မှုမျိုးတွေဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေကိုလုံးဝချိုးဖောက်ရာ ရောက်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေကို ကုလသမဂ္ဂကသာ ပဋိညာဉ်စာတမ်းနဲ့အညီချမှတ်ရမှာပါ " ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အမေရိကန်တို့သည် အီရန်နိုင်ငံအပေါ် ပြီးခဲ့သောဗုဒ္ဓဟူးနေ့က အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့ခြင်းဖြစ်ပြီး အီရန်သင်္ဘောလိုင်းကွန်ရက်တစ်ခုနှင့် လေကြောင်းကိုယ်စားလှယ်ကုမ္ပဏီ ၃ ခုကိုဦးတည်ကာ ပိတ်ဆို့မှုများချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသင်္ဘောလိုင်းကွန်ရက်နှင့် လေကြောင်းကိုယ်စားလှယ်ကုမ္ပဏီများသည် ယီမင်သို့ လက်နက်များတရားမဝင် တင်ပို့ပေးခဲ့ခြင်းကြောင့် ပိတ်ဆို့မှုများချမှတ်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

" အီရန်အစိုးရဟာ ဆီးရီးယားနဲ့ ယီမင်က အကြမ်းဖက်နဲ့လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တွေရောင်းချပေးဖို့အတွက် သူ့ရဲ့ လေကြောင်းနဲ့ ရေကြောင်းလုပ်ငန်းတွေကို အသုံးပြုခဲ့ကာ ဒေသတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေဖြစ်ပေါ်အောင် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပါတယ် " ဟု အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ကြောင်း CNN သတင်းတွင်ဖော်ပြထားသည်။

ယခုပိတ်ဆို့မှုများသည် အီရန်တို့၏ Islamic Republic of Iran သင်္ဘောလိုင်းများ၊ E-Sail Shipping ကုမ္ပဏီနှင့် မာဟန်လေကြောင်းလိုင်း၏ ကိုယ်စားလှယ်ကုမ္ပဏီ ၃ ခုတို့ကို ပစ်မှတ်ထားချမှတ်ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ်ပွန်ပီယို ကပြောကြားသည်။

အီရန်သယ်ယူပို့ဆောင်ရေးကုမ္ပဏီများသည် ဖိနှိပ်ခံအီရန်ပြည်သူများထံမှ ရရှိသည့်ငွေကြေးများနှင့် ၎င်းတို့၏လုပ်ငန်းများကို လည်ပတ်လုပ်ကိုင်နေခြင်းဖြစ်သည်ဟုလည်း မိုက်ခ်ပွန်ပီယိုက ပြောကြားခဲ့သည်။