မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်ပြော

ချင်းပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ် ၁၀၀ ကျော်နှင့် ဘုရားရှိခိုးကျောင်းများအား မီးရှို့ဖျက်ဆီးမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း သတင်းများ ထွက်ပေါ်လာသည့်အပေါ် အမေရိကန်ပြည်ထောင်စုအနေဖြင့် “အသည်းအသန် စိုးရိမ်ပူပန်” ကြောင်း ပြောကြားလိုက်သည်။

01 Nov 2021

(ဓာတ်ပုံ - Reuters)

DMG ၊ နိုဝင်ဘာ ၁

ချင်းပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ် ၁၀၀ ကျော်နှင့် ဘုရားရှိခိုးကျောင်းများအား မီးရှို့ဖျက်ဆီးမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း သတင်းများ ထွက်ပေါ်လာသည့်အပေါ် အမေရိကန်ပြည်ထောင်စုအနေဖြင့် “အသည်းအသန် စိုးရိမ်ပူပန်” ကြောင်း ပြောကြားလိုက်သည်။

 “မြန်မာစစ်အစိုးရက ပြည်သူလူထု၊ နေအိမ်များနှင့် ဝတ်ပြုကိုးကွယ်ရာနေရာများကို ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သော လုပ်ရပ်များအား မိမိတို့ရှုတ်ချပါသည်။ ဤလုပ်ရပ်သည် မြန်မာလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို မြန်မာစစ်အစိုးရက လုံးလုံး အလေးမထားမှုကို ပြသလိုက်ခြင်း ဖြစ်ပါသည်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများ ရပ်တန့်ရန်လည်း အဆိုပါကြေညာချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ အလွန်နှစ်များတွင် စတင်ခဲ့သည့် နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်စဉ်သည် ဆယ်စုနှစ်တစ်ခုစာ ကြာမြင့်ခဲ့ပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ရပ်တန့်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်က ဖြုတ်ချကာ အာဏာရယူခဲ့ပြီးသည့် အချိန်မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ သေဆုံးရသူ အရပ်သားစုစုပေါင်း ၁၂၂၂ ဦးရှိနေပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားသည်။

မြန်မာပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့်၊ ဆက်လက်ကျူးလွန်နေသည့် ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် မိမိတို့ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အမေရိကန်သည် အာဆီယံအဖွဲ့ကြီးမှတစ်ဆင့်လည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးလျက်ရှိသည်။

အောက်တိုဘာ လကုန်ပိုင်းက အာဆီယံထိပ်သီးညီလာခံ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အမေရိကန်သမ္မတ ဘိုင်ဒန်ကလည်း ဒေသတွင်း တည်ငြိမ်မှုကို ရိုက်ခတ်လာသည့် မြန်မာ့အရေးနှင့် ပတ်သက်၍ ဝမ်းနည်းရမှုများကို မိမိတို့ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့သည်။