မစ္စစ္စပီပြည်နယ်အလံမှ ကွန်ဖယ်ဒရိတ်အမှတ်တံဆိပ်ကို ပယ်ဖျက်ရန် မဲခွဲဆုံးဖြတ်မည်

အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်၏ အလံတွင် ဖော်ပြပါရှိသည့် ကွန်ဖယ်ဒရိတ်စစ်ပွဲ အမှတ်တံဆိပ်ကို ပယ်ဖျက်ရန် တနင်္ဂနွေနေ့တွင် စတင်မဲခွဲကြမည်ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 29 Jun 2020



အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်၏ အလံတွင် ဖော်ပြပါရှိသည့် ကွန်ဖယ်ဒရိတ်စစ်ပွဲ အမှတ်တံဆိပ်ကို ပယ်ဖျက်ရန် တနင်္ဂနွေနေ့တွင် စတင်မဲခွဲကြမည်ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လက်ရှိအလံကို ထောက်ခံသူများသည် ကွန်ဖယ်ဒရိတ်အမှတ်တံဆိပ်သည် လူမျိုးရေးခွဲခြားဆက်ဆံမှု အမှတ်လက္ခဏာဖြစ်သည်ဟူသည့် ဝေဖန်မှုများအပေါ် ကန့်ကွက်လာသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သော သီတင်းပတ်များအတွင်း လျင်မြန်စွာပေါ်ပေါက်ခဲ့သည့် အပြောင်းအလဲများနှင့်အတူ အစဉ်အလာကြီးမားသည့် မစ္စစ္စပီပြည်နယ်တွင်လည်း အလံကိစ္စနှင့်ပတ်သက်၍ အမြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့သည်။

မစ္စစ္စပီပြည်နယ်အပါအဝင် အမေရိကန် နိုင်ငံတစ်ဝန်း၌ လူမျိုးရေးခွဲခြားဆက်ဆံမှုအပေါ် ကန့်ကွက် ဆန္ဒဖော်ထုတ်မှုများ ပျံ့နှံ့လာသည်နှင့်အမျှ စီးပွားရေး၊ ဘာသာရေး၊ ပညာရေး၊ အားကစားနယ်ပယ်များမှ ခေါင်းဆောင်များသည် ပြည်နယ်အလံကို အပြောင်းအလဲ ပြုလုပ်ရန် အတင်းအကြပ် တိုက်တွန်းမှုများ ရှိလာခဲ့ကြသည်။ ခေါင်းဆောင်များသည် ၁၂၆ နှစ်သက်တမ်းရှိလာပြီဖြစ်သည့် အမှတ်တံဆိပ်အား ပြည်နယ်တွင်းရှိ လူမည်း ၃၈ ရာခိုင်နှုန်းကိုပါ ကိုယ်စားပြုမည့် သင်္ကေတတစ်ခုဖြင့် အပြောင်းအလဲ ပြုလုပ်ရန် လွှတ်တော်အမတ်များအား တိုက်တွန်းလျက်ရှိသည်။

လက်ရှိအလံတွင် ဖော်ပြထားသည့် အမှတ်တံဆိပ်အား ပယ်ဖျက်ရန်အတွင် လွှတ်တော်အမတ်များသည် တနင်္ဂနွေနေ့တွင် မဲခွဲဆုံးဖြတ်ကြမည်ဟု ယူဆရကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။ ထို့နောက်တွင် ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ ကွန်ဖယ်ဒရိတ်သင်္ကေတအား ပယ်ဖျက်ပြီး “In God We Trust” (ဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်သည်) ဆိုသောစကားလုံးပါဝင်သည့် အလံဒီဇိုင်းသစ်တစ်ခု ရေးဆွဲကြမည်ဖြစ်သည်။

မစ္စစ္စပီသည် ကွန်ဖယ်ဒရိတ်တိုက်ပွဲ အမှတ်အသားကို အလံပေါ်မှ မပယ်ဖျက်ဘဲ ကျန်နေသေးသည့် နောက်ဆုံးပြည်နယ်ဖြစ်သည်။

အမေရိကန်ပြည်တွင်းစစ်အပြီးတွင် နိုင်ငံရေးနယ်ပယ်၌ အားကောင်းလာသည့် လူမည်းများအား နိုင်ငံရေးအရ တုံ့ပြန်သည့်အနေနှင့် မစ္စစ္စပီလွှတ်တော်ရှိ လူဖြူလူမျိုးကြီးဝါဒီများသည် ၁၈၉၄ ခုနှစ်တွင် လက်ရှိပြည်နယ်အလံအား ဒီဇိုင်းဆွဲ အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် အလံကို ပြင်ဆင်ရေးဆွဲရန် မဲဆန္ဒခံယူခဲ့သော်လည်း တော်လှန်ရေး သင်္ကေတကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြသည်။