- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို စောင့်ကြည့်ရန် မြောက်ကိုရီးယား ဂြိုဟ်တုလွှတ်တင်မည် ဟုဆို
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ စစ်ရေးလှုပ်ရှားမှု သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် လာမည့်နှစ်များအတွင်း ထောက်လှမ်းရေးဂြိုဟ်တု အများအပြား လွှတ်တင်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားသွားကြောင်း အစိုးရပိုင်ရုပ်သံမှ ကြာသပတေးနေ့တွင် ထုတ်လွှင့်ခဲ့သည်။
11 Mar 2022
DMG ၊ မတ်လ ၁၁ ရက်
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ စစ်ရေးလှုပ်ရှားမှု သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် လာမည့်နှစ်များအတွင်း ထောက်လှမ်းရေးဂြိုဟ်တု အများအပြား လွှတ်တင်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားသွားကြောင်း အစိုးရပိုင်ရုပ်သံမှ ကြာသပတေးနေ့တွင် ထုတ်လွှင့်ခဲ့သည်။
မြောက်ကိုရီးယား အမျိုးသားအာကာသ ဖွံ့ဖြိုးရေးဌာနသို့ သွားရောက်ပြီး စစ်ဆေးညွှန်ကြားမှုများ ပြုလုပ်စဉ် ကင်ဂျုံအန်းသည် ငါးနှစ်တာအစီအစဉ်တစ်ရပ် အဖြစ် ပြီးခဲ့သည့်နှစ်က ကြေညာခဲ့သည့် နေပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်မည့် စစ်ထောက်လှမ်းရေး ဂြိုဟ်တုများအကြောင်းကို အများအပြားပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရရုပ်သံ KCNA က ဖော်ပြသည်။
မြောက်ကိုရီးယားသည် ထောက်လှမ်းရေးဂြိုဟ်တုတစ်လုံး လွှတ်တင်ရန် ပြင်ဆင်နေပုံပေါ်ပြီး နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံ၏ အငြင်းပွားဖွယ်ရာ လက်နက်စမ်းသပ်မှုများကဲ့သို့ပင် အငြင်းပွားဖွယ် ဖြစ်လာဦးမည်ဟု ပညာရှင်များက ပြောဆိုကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ဖေဖော်ဝါရီလ ၂၇ ရက်နှင့် မတ်လ ၅ ရက်နေ့များက ဂြိုဟ်တုစနစ်နှစ်မျိုးကို စမ်းသပ်ခဲ့သည်။ အဆိုပါစမ်းသပ်မှုများအတွင်း ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်မှုလည်း ပါဝင်ခဲ့ကြောင်း တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်နိုင်ငံမှ အာဏာပိုင်များက ပြောကြားသည်။
မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ သိသိသာသာ များပြားလာနေသဖြင့် မိမိတို့၏ ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်များကို အသင့်ပြင်ဆင်ပြီး တပ်လှန့်ထားကြောင်းလည်း အမေရိကန်နိုင်ငံက ပြောကြားထားသည်။
မိမိတို့၏ ဂြိုဟ်တုသည် သတင်းအချက်အလက်များ စုဆောင်းရန်သာမက မြောက်ကိုရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကိုပါ ကာကွယ်ပေးမည်ဟု ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးပြုကာ ထည့်သွင်းပြောကြားသွားကြောင်း KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ် နောက်ပိုင်းတည်းက နျူကလီးယားလက်နက် စမ်းသပ်ခြင်း သို့မဟုတ် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခြင်း မပြုလုပ်တော့ပေ။ သို့သော်လည်း အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ဆွေးနွေးမှုများ ရပ်တန့်နေသဖြင့် စမ်းသပ်မှုများကို အချိန်မရွေး ပြုလုပ်လာနိုင်ကြောင်း ထောက်ပြမှုများ ရှိနေသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။