- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အမေရိကနှင့် နျူကလီးယားအရေး ပြန်လည်ဆွေးနွေးရန် သဘောတူညီပြီး နာရီပိုင်းအကြာမှာ မြောက်ကိုရီးယား တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစ်မျိုး စမ်းသပ်ပစ်လွှတ်
"မြောက်ကိုရီးယားသည် သူ၏ထုံးစံအတိုင်း ဆွေးနွေးညှိနှိုင်းမှုများ မစတင်မီတွင် ၎င်း၏အင်အားကို ထုတ်ဖော်ပြသထားခြင်း ဖြင့် ဝါရှင်တန်နှင့်ညှိနှိုင်းရာ၌ အားသာမှုရှိလိမ့်မည်ဟုယူဆပြီး ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မြောက်ကိုရီးယား အရေး ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
02 Oct 2019
မြောက်ကိုရီးယားသည် ကာလတစ်ခုရပ်နားထားသော အမေရိကန်တို့နှင့် နျူကလီးယားအရေး ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်သွားမည်ဟု ကြေညာပြီး နာရီပိုင်းအကြာမှာပင် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတစ်ခု ပြုလုပ် လိုက်ကြောင်း CNA သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား ယခုပစ်လွှတ်သောဒုံးကျည်မှာ ရေငုပ်သင်္ဘောမှပစ်လွှတ်သော တာဝေးပစ်ဒုံးကျည်မျိုး ဖြစ်ဖွယ်ရှိသည်ဟု တောင်ကိုရီးယားအာဏာပိုင်များက ထုတ်ပြန်သည်။
အကယ်၍ ယခုစမ်းသပ်ပစ်လွှတ်သောဒုံးကျည်မှာ ရေငုပ်သင်္ဘောမှပစ်လွှတ်သော တာဝေးပစ်ဒုံးကျည်ဖြစ်ကြောင်းသာ အတည်ပြုနိုင်မည်ဆိုပါက မြောက်ကိုရီးယားသည် ၎င်း၏ဒုံးလက်နက်အစွမ်းကို နောက်ထပ်တစ်ဆင့် ထပ်မံမြှင့်တင်လိုက် နိုင်ခြင်းပင်ဖြစ်သည်။
မြောက်ကိုရီးယားသည် ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းတွင် အရှေ့အရပ်သို့ဦးတည်ကာ ဒုံးကျည်ပစ်လွှတ်မှုတစ်ခု ပြုလုပ်ခဲ့ ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ထောက်လှမ်းတွေ့ရှိခဲ့ပြီး ယင်းဒုံးကျည်သည် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော တာဝေးပစ်ပဲ့ထိန်းဒုံးကျည် အမျိုးအစားဖြစ်မည်ဟု ယူဆလျက်ရှိသည်။
"မြောက်ကိုရီးယားရဲ့ အခုလိုတင်းမာမှုမြင့်မားစေတဲ့လုပ်ရပ်တွေဟာ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုလျှော့ချရေး ကြိုးပမ်းမှုတွေအတွက် အကူအညီမဖြစ်နိုင်ပါဘူး။ ဒီလိုလုပ်ရပ်တွေချက်ချင်းရပ်တန့်ဖို့ ကျွန်တော်တို့အနေနဲ့ ထပ်မံ တိုက်တွန်းလိုပါတယ် " ဟု တောင်ကိုရီးယားအစိုးရအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မြောက်ကိုရီးယား၏ ယခုလုပ်ရပ်မှာ မြောက်ကိုရီးယားကို တာဝေးပစ်ဒုံးကျည် နည်းပညာအသုံးပြုခွင့် ပိတ်ပင်ထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ချမှတ်မှုများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြုံယမ်းဘက်မှ ဝါရှင်တန်နှင့်ဆွေးနွေးမှုများကို ယခုရက်သတ္တပတ် နှောင်းပိုင်းတွင် ပြန်လည်စတင်သွားဖွယ် ရှိသည်ဟု ပြောကြားပြီး တစ်ရက်မပြည့်မီမှာပင် ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားသည် ကီလိုမီတာ ၅၀၀ အဝေးထိရောက်ရှိနိုင်သော KN-11 ဟုခေါ်သည့် ဒုံးကျည်တစ်မျိုးကိုလည်း သြဂုတ်လထဲတွင် အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်။ မြောက်ကိုရီးယားသည် သူ၏ထုံးစံအတိုင်း ဆွေးနွေးညှိနှိုင်းမှုများ မစတင်မီတွင် ၎င်း၏အင်အားကို ထုတ်ဖော်ပြသထားခြင်း ဖြင့် ဝါရှင်တန်နှင့်ညှိနှိုင်းရာ၌ အားသာမှုရှိလိမ့်မည်ဟုယူဆပြီး ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း မြောက်ကိုရီးယား အရေး ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
"ဝါရှင်တန်ဘက်ကနေပြီး ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးမယ်ဆိုတဲ့ကတိပဲ ပေးပြီး နျူကလီးယား အလုံးစုံ ဖျက်သိမ်းဖို့ တောင်းဆိုနေတာကို ပြုံယမ်းက နောက်ဆုတ်စေချင်ပုံရပါတယ်" ဟု ဝါရှင်တန်ရှိ အမျိုးသားအကျိုးစီးပွားစင်တာမှ ဟယ်ရီကာဇီရန်နစ်က ပြောကြားသည်။
အမေရိကန် နှင့် မြောက်ကိုရီးယားကြား တွေ့ဆုံဆွေးနွေးမှုများမှာ ပြီးခဲ့သောဖေဖော်ဝါရီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ကြား သဘောတူညီမှုတစ်စုံတစ်ရာ မရရှိခဲ့သော ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှု ပြီးကတည်းက ရပ်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။