အိုမီခရွန်နှင့် ဆက်စပ်သည့် အဆင်မပြေမှုများကြောင့် ကမ္ဘာတစ်ဝန်း လေကြောင်းခရီးစဉ် ၄ ထောင်ကျော် ဖျက်သိမ်းခဲ့ရ

ဆိုးရွားသည့်ရာသီဥတုနှင့် အိုမီခရွန်ကူးစက်မှု မြင့်တက်လာခြင်းတို့ကြောင့် တနင်္ဂနွေနေ့က ကမ္ဘာတစ်ဝန်းတွင် လေကြောင်းခရီးစဉ် ၄ ထောင်ကျော် ဖျက်သိမ်းခဲ့ရသဖြင့် နှစ်သစ်ကူးအားလပ်ရက် ခရီးသွားမှုများ အဆင်မပြေဖြစ်ခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါခရီးစဉ်များအနက် ထက်ဝက်ကျော်ခန့်မှာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်သည်။

04 Jan 2022

ဓာတ်ပုံ - Reuters

DMG ၊ ဇန်နဝါရီ ၄

ဆိုးရွားသည့်ရာသီဥတုနှင့် အိုမီခရွန်ကူးစက်မှု မြင့်တက်လာခြင်းတို့ကြောင့် တနင်္ဂနွေနေ့က ကမ္ဘာတစ်ဝန်းတွင် လေကြောင်းခရီးစဉ် ၄ ထောင်ကျော် ဖျက်သိမ်းခဲ့ရသဖြင့် နှစ်သစ်ကူးအားလပ်ရက် ခရီးသွားမှုများ အဆင်မပြေဖြစ်ခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါခရီးစဉ်များအနက် ထက်ဝက်ကျော်ခန့်မှာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်သည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းက အမေရိကန်တွင် အဝင်အထွက် ဖျက်သိမ်းခဲ့ရသော ခရီးစဉ်ပေါင်း ၂၄၀၀ ကျော်ရှိကာ နှောင့်နှေးခဲ့ရသည့် ခရီးစဉ်များမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တစ်သောင်းကျော်ရှိသည်ဟု သတင်းတွင် ဖော်ပြသည်။

ခရီးစဉ်အများဆုံး ဖျက်သိမ်းခဲ့ရသည့် လေကြောင်းကုမ္ပဏီများတွင် SkyWest နှင့် South West ကုမ္ပဏီတို့လည်း ပါဝင်ပြီး ခရီးစဉ် ၅၁၀ နှင့် ၄၁၉ အထိ အသီးသီး ဖျက်သိမ်းခဲ့ရကြောင်း FlightAware.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ခရစ္စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလများသည် ပုံမှန်အားဖြင့် လေကြောင်းခရီးသွားမှု အများဆုံး ကာလဖြစ်သော်လည်း ယခုနှစ်တွင် ကူးစက်မြန် အိုမီခရွန်မျိုးကွဲကူးစက်မှု အလွန်အမင်း မြင့်တက်လာခြင်းကြောင့် လေယာဉ်မှူးနှင့် ဝန်ထမ်းများ ကွာရန်တင်းဝင်နေကြရသဖြင့် လေကြောင်းခရီးစဉ် အများအပြား ရုတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အမေရိကန်တွင် စနေနေ့တစ်ရက်တည်း၌ ကိုဗစ်ကူးစက်မှုအသစ် ၃ သိန်းခွဲနီးပါး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ပြုစုထားသော မှတ်တမ်းများအရ သိရသည်။

အမေရိကန်ပြည်ထောင်စုရှိ လေကြောင်းဝန်ထမ်းများနှင့် လေယာဉ်မှူးများသည်လည်း အလိုက်မသိသည့် ခရီးသည်များနှင့် ထိတွေ့ပြီး ကိုဗစ်ကူးစက်မည်ကို ကြောက်ရွံ့ကြသဖြင့် အားလပ်ရက်ကာလအတွင်း လုပ်ငန်းခွင်ဝင်ရန် တွန့်ဆုတ်နေကြကြောင်း လေကြောင်းသမဂ္ဂအချို့က ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိ ခရီးသွားအေဂျင်စီအများအပြားသည်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်လာခြင်းနှင့်အတူ နောက်ဆက်တွဲ ရင်ဆိုင်လာရသည့် အခက်အခဲများကြောင့် ဝန်ဆောင်မှုများကို ရပ်ဆိုင်းခြင်း သို့မဟုတ် လျှော့ချထားခြင်းများ ဆောင်ရွက်နေရကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။