ခွင့်ပြုချက်မရဘဲ နိုင်ငံမှ မထွက်ခွာရန် ဆက်သွယ်ရေး ကုမ္ပဏီ အရာရှိကြီးများအား ညွှန်ကြား

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီကြီးများမှ ရာထူးကြီးအရာရှိများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံမှ ထွက်ခွာခြင်းမပြုရန် မြန်မာစစ်အုပ်စုက ပြောကြားထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုအကြောင်းအရာနှင့် တိုက်ရိုက်ဆက်စပ်နေသူ တစ်ဦးထံမှ သိရခြင်းဖြစ်ကြောင်းလည်း ရိုက်တာသတင်းက ရေးသားသည်။

By Foreign Desk 06 Jul 2021

ဓာတ်ပုံ - Reuters

DMG ၊ ဇူလိုင် ၆

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီကြီးများမှ ရာထူးကြီးအရာရှိများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံမှ ထွက်ခွာခြင်းမပြုရန် မြန်မာစစ်အုပ်စုက ပြောကြားထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုအကြောင်းအရာနှင့် တိုက်ရိုက်ဆက်စပ်နေသူ တစ်ဦးထံမှ သိရခြင်းဖြစ်ကြောင်းလည်း ရိုက်တာသတင်းက ရေးသားသည်။

ဇွန်လ အလယ်ပိုင်းက ပေးပို့သည့် မြန်မာ့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ လျှို့ဝှက်အမိန့်စာ၌ နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသား အကြီးတန်းစီမံခန့်ခွဲရေး အရာရှိများသည် ပြည်ပသို့ ထွက်ခွာမည်ဆိုလျှင် အထူးထောက်ခံစာ ရယူရမည်ဟု ဖော်ပြထားကြောင်း ရိုက်တာ၏ သတင်းရင်းမြစ်ထံမှ သိရသည်ဟု ရိုက်တာသတင်းတွင် ရေးသားထားသည်။

အဆိုပါစာ လက်ခံရရှိပြီး တစ်ပတ်အကြာတွင်  ဆက်သွယ်ရေးကုမ္ပဏီများသည် ဒုတိယစာတစ်စောင် ထပ်မံရရှိခဲ့ပြီး ထိုစာ၌ ကုမ္ပဏီများအနေဖြင့် ယခင်တည်းက ညွှန်ကြားထားသည့် တယ်လီဖုန်း ခေါ်ဆိုမှုများ၊ မက်ဆေ့များနှင့် အွန်လိုင်းအသုံးပြုမှုများကို အာဏာပိုင်များကိုယ်တိုင်  တိုက်ရိုက် စောင့်ကြည့်ထောက်လှမ်းကာ ခြေရာခံနိုင်သည့် နည်းပညာတပ်ဆင်ရေး ညွှန်ကြားချက်ကို ဇူလိုင်လ ၅ ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ် ဆောင်ရွက်ပေးရန် ပြောကြားထားသည်ဟု ရင်းမြစ်က ပြောသည်။ ညွှန်ကြားစာများအား ရိုက်တာဘက်က တိုက်ရိုက် မြင်တွေ့ခဲ့ခြင်းတော့ မရှိကြောင်း သတင်းတွင် ဖော်ပြသည်။

အာဏာသိမ်းမှုအပြီး နေ့စဉ်နှင့်အမျှ ဆန္ဒပြမှုများ ရှိနေသလို ပိုမိုကြီးထွားလာသည့် လက်နက်ကိုင် တိုက်ခိုက်မှုများလည်း ရင်ဆိုင်လာရသည့် မြန်မာစစ်အုပ်စုသည် ၎င်းတို့ ကြားဖြတ်ပြီး တိုက်ရိုက် စောင့်ကြည့်နိုင်သည့် ထောက်လှမ်းရေးနည်းပညာ တပ်ဆင်ရန် ဆက်သွယ်ရေးကုမ္ပဏီများအား ဖိအားပေး ညွှန်ကြားလာခြင်း ဖြစ်သည်။

ယခုသတင်းနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မြန်မာစစ်တပ် ပြောခွင့်ရတစ်ဦးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ထောက်လှမ်းရေးကိရိယာများ အပြီးသတ် တပ်ဆင်ပေးရန် ဖိအားပေးညွှန်ကြားမှုများ နောက်ပိုင်းတွင် ယခုကဲ့သို့ ခရီးသွားခွင့် ပိတ်ပင်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ရသည့် အကြောင်းရင်းကို ဖော်ပြခြင်းမရှိသော်လည်း နည်းပညာတပ်ဆင်ရေး ဖိအားပေးသည့် အနေနှင့် ဆက်သွယ်ရေးကုမ္ပဏီများအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ခြင်း ဖြစ်ကြောင်း ရိုက်တာ၏ သတင်းရင်းမြစ်က ဆိုသည်။

ထောက်လှမ်းရေးညွှန်ကြားချက်နှင့် ပတ်သက်ပြီး လူသိရှင်ကြား ပြောကြားခြင်း သော်လည်းကောင်း မီဒီယာများသို့ ဖြေကြားခြင်း သော်လည်းကောင်း မပြုလုပ်ရန် အာဏာပိုင်များက ကုမ္ပဏီများကို ထပ်တလဲလဲ သတိပေးထားကြောင်းလည်း အမည်မဖော်လိုသည့် နောက်ထပ် သတင်းရင်းမြစ် နှစ်ခုထံမှ သိရသည်။

ယခုသတင်းနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက တယ်လီနောကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ သဘောထားမှတ်ချက် ပေးရန် ငြင်းဆန်ခဲ့သည်။ အူရီဒူး၊ MPT နှင့် Mytel ကုမ္ပဏီများကမူ ရိုက်တာ၏ ဆက်သွယ်မှုကို လက်ခံဖြေကြားခြင်း မရှိပေ။

မြန်မာစစ်တပ်သည် လူထု၏ ဆက်သွယ်လှုပ်ရှားမှုများကို သိရှိနိုင်ရန်အတွက် ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ပေးရန် ဆက်သွယ်ရေးကုမ္ပဏီများအား ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုမတိုင်မီ လပေါင်းများစွာတည်းက ကြိုတင်၍ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း မေလအတွင်းက ရိုက်တာ သတင်းဆောင်းပါးတစ်ရပ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ထောက်လှမ်းရေး နည်းပညာများအား မည်မျှအတိုင်းအတာအထိ တပ်ဆင် အသုံးပြုနေပြီ ဖြစ်ကြောင်း ရိုက်တာဘက်မှ စုံစမ်းနိုင်ခြင်း မရှိပေ။ သို့သော် နော်ဝေပိုင် တယ်လီနောကုမ္ပဏီနှင့် ကာတာပိုင် အူရီဒူးကုမ္ပဏီများတွင်မူ အပြည့်အစုံ မတပ်ဆင်ရသေးကြောင်း သတင်းရင်းမြစ် လေးခုထံမှ သိရသည်။

အာဏာပိုင်များဘက်က ယခုကဲ့သို့ ဆောင်ရွက်ချက်များကြောင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် ရှေအလားအလာ မရေရာ ဖြစ်နေရသည်။

တယ်လီနောကုမ္ပဏီသည်  မြန်မာနိုင်ငံ၏ ၎င်းတို့၏ လုပ်ငန်းများကို ပြန်လှန်သုံးသပ်နေပြီး ရောင်းချရန် စဉ်းစားမှုလည်း ရှိနေကြောင်း သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။