အင်ဒိုနီးရှား၏ စားအုန်းဆီ ပြည်ပတင်ပို့မှု ကန့်သတ်ချက်တွင် ကုန်ကြမ်း၊ ကုန်ချော နှစ်မျိုးလုံး ပါဝင်

အင်ဒိုနီးရှားတွင် ဧပြီလ ၂၈ ရက် ကြာသပတေးနေ့၌ စတင်တော့မည့် စားအုန်းဆီ ပြည်ပတင်ပို့မှု ကန့်သတ်ချက်တွင် စားအုန်းဆီကုန်ကြမ်းသာမက ကုန်ချောထုတ်ကုန်များလည်း ပါဝင်ကြောင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အာလန်ဂါဟာတာရိုက ပြောကြားသည်။

29 Apr 2022

DMG ၊ ဧပြီ ၂၉

အင်ဒိုနီးရှားတွင် ဧပြီလ ၂၈ ရက် ကြာသပတေးနေ့၌ စတင်တော့မည့် စားအုန်းဆီ ပြည်ပတင်ပို့မှု ကန့်သတ်ချက်တွင် စားအုန်းဆီကုန်ကြမ်းသာမက ကုန်ချောထုတ်ကုန်များလည်း ပါဝင်ကြောင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အာလန်ဂါဟာတာရိုက ပြောကြားသည်။

ဗုဒ္ဓဟူးနေ့ညပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုမူဝါဒ၌ စားအုန်းဆီကုန်ကြမ်း (CPO)၊ ကုန်ချော (RPO)၊ သန့်စင် အရောင်ချွတ် အနံ့လွတ် (RBD) နှင့် အသုံးပြုပြီးဆီတို့လည်း ပါဝင်မည်ဟု ပြောကြားသည်။

စာအုန်းဆီပြည်ပတင်ပို့မှု ကန့်သတ်ချက်သည် သမ္မတဂျိုကိုဝီဒိုဒိုထံမှ တိုက်ရိုက်ညွှန်ကြားခြင်းဟုလည်း ဝန်ကြီးက ပြောသည်။

“အစိုးရမူဝါဒတွေအားလုံးမှာ အင်ဒိုနီးရှားပြည်သူလူထုကို အဓိကဦးစားပေး ဆောင်ရွက်ဖို့ သမ္မတကြီးက ကတိပြုထားပါတယ်” ဟုလည်း ဝန်ကြီးက ပြောကြားသည်။

ထုတ်ကုန်ကန့်သတ်ချက် စည်းကမ်းသည် ပြည်တွင်း၌ ဟင်းချက်စားအုန်းဆီ တစ်လီတာကို ၁၄၀၀၀ အောက်သို့ ကျဆင်းသည့်အထိ အသက်ဝင်မည်ဟု ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

“ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု အကြီးဆုံးနိုင်ငံမှာ ခုလိုမျိုး ဆီပြတ်လပ်မှု ကြုံနေရတာက အဓိပ္ပာယ်မရှိပါဘူး။ သမ္မတတစ်ယောက်အနေနဲ့ ဒါမျိုး ကျွန်တော် ဖြစ်ခွင့်မပေးနိုင်ပါဘူး။ အခုလိုပြတ်လပ်မှု ဖြစ်ပေါ်နေတာ လေးလကြာမြင့်လာပြီဖြစ်ပြီး အစိုးရဘက်က မူဝါဒတွေ အများအပြား ချမှတ်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး” ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် သီးခြား သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

“စားအုန်းဆီလုပ်ငန်းတွေအနေနဲ့ ပြည်တွင်းလိုအပ်ချက်ကို ဦးစားပေးဖို့နဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ကျွန်တော် ပြောလိုက်ပါတယ်။ ပြည်တွင်း လိုအပ်ချက် ပြည့်မီပြီဆိုရင် ကျွန်တော် ပြည်ပတင်ပို့မှု တားမြစ်ချက်ကို သေချာပေါက် ရုပ်သိမ်းပေးမှာပါ” ဟုလည်း သမ္မတက ပြောကြားသည်။

ကမ္ဘာတစ်ဝန်းတွင် စားအုန်းဆီကုန်ကြမ်းဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း တည်းက ထက်ဝက်ကျော် မြင့်တက်ခဲ့သည်။  ယူကရိန်းနှင့် ရုရှားဘက်မှ နေကြာဆီတင်ပို့မှု မရေမရာ ဖြစ်လာသည့်အတွက် အင်ဒိုနီးရှား ကုမ္ပဏီများက ပြည်ပတင်ပို့မှု တိုးမြှင့်ဆောင်ရွက်လာကြရာမှ ယခုကဲ့သို့ ပြည်တွင်း မလုံလောက်မှု ပေါ်ပေါက်လာရခြင်း ဖြစ်သည်။