ကသည်းပစိဖိတ်လေကြောင်းလိုင်း ယမန်နှစ်ထက် အရှုံးနည်းမည်ဟု ခန့်မှန်း

ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် ကုန်ကျစရိတ်လျော့ချရေးတို့ကို အဓိကတွန်းအားပေးဆောင်ရွက်ကာ လုပ်ငန်းလည်ပတ်လျက်ရှိသည့် ဟောင်ကောင်အခြေစိုက် ကသည်းပစိဖိတ်လေကြောင်းလိုင်း ကုမ္ပဏီသည် ယခုနှစ် ပထမနှစ်ဝက်ကာလတွင် ယမန်နှစ် ပထမနှစ်ဝက်ထက် အရှုံးပိုနည်းမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါလေကြောင်းလိုင်းက အင်္ဂါနေ့တွင် ပြောကြားသည်။ သို့သော်လည်း ယခုနှစ်အတွင်း အရှုံးပေါ်သည့် ပမာဏသည် ဆက်လက်များပြားနေဦးမည်ဟုလည်း လေကြောင်းလိုင်းက သတိပေးထားသည်။

16 Jun 2022

ဓာတ်ပုံ - Reuters

DMG ၊ ဇွန် ၁၆

ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် ကုန်ကျစရိတ်လျော့ချရေးတို့ကို အဓိကတွန်းအားပေးဆောင်ရွက်ကာ လုပ်ငန်းလည်ပတ်လျက်ရှိသည့် ဟောင်ကောင်အခြေစိုက် ကသည်းပစိဖိတ်လေကြောင်းလိုင်း ကုမ္ပဏီသည် ယခုနှစ် ပထမနှစ်ဝက်ကာလတွင် ယမန်နှစ် ပထမနှစ်ဝက်ထက် အရှုံးပိုနည်းမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါလေကြောင်းလိုင်းက အင်္ဂါနေ့တွင် ပြောကြားသည်။ သို့သော်လည်း ယခုနှစ်အတွင်း အရှုံးပေါ်သည့် ပမာဏသည် ဆက်လက်များပြားနေဦးမည်ဟုလည်း လေကြောင်းလိုင်းက သတိပေးထားသည်။

အာရှအဓိကလေကြောင်းလိုင်းဖြစ်သည့် ကသည်းပစိဖိတ်လေကြောင်းလိုင်းကုမ္ပဏီသည် ပြီးခဲ့သောနှစ် ပထမနှစ်ဝက်တွင် ဟောင်ကောင်ဒေါ်လာ ရ.၅၇ ဘီလီယံ (ဒေါ်လာ ၉၆၄.၃၄ သန်း) အထိဆုံးရှုံးခဲ့သော်လည်း ကုန်တင်ကုန်ချဈေးကွက် လိုအပ်ချက် များပြားနေသဖြင့် ဒုတိယနှစ်ဝက်တွင် အံ့သြဖွယ်အမြတ်အစွန်းကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဟောင်ကောင်တွင် သင်္ဘောသားများ၏ သီးခြားနေထိုင်ခြင်း စံနှုန်းအချို့ကို ဖြေလျှော့ပေးပြီးနောက် ဒုတိယသုံးလပတ်တွင် ခရီးသည်ပမာဏ တိုးလာခဲ့ကြောင်း ကသည်းပစိဖိတ်က ပြောကြားသည်။ သို့သော် ၎င်း၏ မေလ စွမ်းဆောင်ရည် ကိန်းဂဏန်းများသည် ကပ်ရောဂါမဖြစ်ပွားမီကာလ ခရီးသည်ရာခိုင်နှုန်း၏ ၄ ရာခိုင်နှုန်းခန့်နှင့် ကပ်ရောဂါမဖြစ်ပွားမီကာလ သယ်ဆောင်ပေးခဲ့သည့် ကုန်တင်မှုရာခိုင်နှုန်း၏ ၃၄ ရာခိုင်နှုန်းခန့်သာ ရှိသေးသည်။

တရုတ်ပြည်မကြီးကဲ့သို့ပင် ဟောင်ကောင်သည်လည်း  ကိုဗစ်-၁၉ရောဂါကို တိုက်ဖျက်ရာတွင် ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ ဟောင်ကောင်သို့ ရောက်ရှိလာသည့် ခရီးသည်များသည် ဟိုတယ်တွင်သီးခြားနေထိုင်ခြင်းကို လိုက်နာရန် လိုအပ်နေဆဲဖြစ်သည်။ မေလတွင် ကသည်းပစိဖိတ်လေကြောင်းလိုင်း၏ ခရီးသည်အရေအတွက်သည် ၂ဝ၁၉ ခုနှစ်၏ အနေအထားအောက် ၉၈ ရာခိုင်နှုန်းရှိသည်။

"၂ဝ၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ကျွန်တော်တို့ရဲ့ စုစုပေါင်းဆုံးရှုံးမှုဟာ များပြားနေပေမယ့် ၂ဝ၂၁ ခုနှစ် ပထမနှစ်ဝက်ကထက် လျော့နည်းလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု လေကြောင်းလိုင်း၏ ဝန်ဆောင်မှုရယူသူများနှင့် ဈေးကွက်ဆိုင်ရာအရာရှိချုပ် ရာနော်လမ်က ပြောကြားခဲ့သည်။

ဝယ်လိုအား ဆက်လက်တိုးတက်နေသဖြင့် ကန့်သတ်ချက်များ၏ ဘောင်များအတွင်း လက်တွေ့လုပ်ဆောင်နိုင်သရွေ့ လာမည့်လများတွင် ကသည်းပစိဖိတ်သည် ခရီးသည်ဝန်ဆောင်မှုပေးနိုင်အားကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အရာရှိချုပ်ရာနော်လမ်က ကြေညာချက်တွင် ထည့်သွင်းပြောကြားထားသည်။

ကသည်းပစိဖိတ် လေကြောင်းလိုင်းသည် ယခုနှစ်တွင် ခရီးစဉ် ၂၉ ခုသို့ ပျံသန်းမှု စတင်ခဲ့ပြီး ယခုနှစ်ကုန်တွင် နှစ်ဆတိုးရန် ရည်မှန်းထားကြောင်းလည်း အရာရှိချုပ်ရာနော်လမ်က ပြောကြားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာကျသော ရှန်ဟိုင်းနှင့် ကမ္ဘာတစ်ဝန်းရှိ အခြားနေရာများတွင် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများကြောင့် ၎င်း၏ ကုန်တင်ကုန်ချလုပ်ငန်း အလားအလာသည် ရေတိုကာလအတွင်း အပြုသဘောဆောင်သည်ဟု ကသည်းပစိဖိတ်လေကြောင်းလိုင်းက ပြောကြားသည်။