‘သကြားလုံးဗုံးကြဲသမား’ အမေရိကန်လေယာဉ်မှူး အသက် ၁၀၁ နှစ်တွင် ကွယ်လွန်

ဘာလင်ကို ဆိုဗီယက်တို့ ပိတ်ဆို့ထားစဉ်က လေထီးပုံစံငယ်လေးများဖြင့် သကြားလုံများကြဲချခဲ့သူ အငြိမ်းစား အမေရိကန် လေယာဉ်မှူး ဂိုင်းဟက်ဗိုဆင်သည် အသက် ၁၀၁ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 21 Feb 2022

ဓာတ်ပုံ - AFP

DMG|ဖေဖေါ်ဝါရီ ၂၁

ဘာလင်ကို ဆိုဗီယက်တို့ ပိတ်ဆို့ထားစဉ်က လေထီးပုံစံငယ်လေးများဖြင့် သကြားလုံများကြဲချခဲ့သူ အငြိမ်းစား အမေရိကန် လေယာဉ်မှူး ဂိုင်းဟက်ဗိုဆင်သည် အသက် ၁၀၁ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဟက်ဗိုဆင်သည် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဘာလင်ရှိ စစ်အေးသမိုင်းသီးသန့် မဟာမိတ်ပြတိုက်မှ ယခင် အမေရိကန်ဌာနခွဲက အတည်ပြုသည်။

“ယူတာက ဆေးရုံတစ်ခုမှာ ဂိုင်းဟက်ဗိုဆင် ကွယ်လွန်သွားပါပြီ။ ကွယ်လွန်ချိန်မှာ မိသားစုဝင်တွေလည်း အနားမှာရှိနေကြပါတယ်” ဟု ပြတိုက်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောကြားသည်။

ဂျာမန်-အမေရိကန် ရာသက်ပန်သံတမန်တစ်ဦး ဖြစ်သည့် ဟက်ဗိုဆင်သည် မြေပြင်မှ စောင့်ဆိုင်းနေကြသည့် ကလေးငယ်များအား လေယာဉ်ပေါ်မှ ချောကလက်နှင့် ပီကေများ ကြဲချပေးခဲ့သူ ဖြစ်သည်။
စစ်ကြောင့် စိတ်ဒဏ်ရာရနေကြသော ကလေးငယ်များအား ထိုကဲ့သို့ စားစရာများ ကြဲချပေးသည့်အတွက် သူ့ကို ‘သကြားလုံးဗုံးကြဲသမား’ (Candy Bomber) ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။

“ရေခဲတမျှအေးတဲ့ နှင်းထုထဲမှာ ကျွန်တော် နေ့နေ့ညည ပျံသန်းခဲ့ရပေမယ့် ဝေဟင်က လေထီးသေးလေးတွေနဲ့ သကြားလုံးတွေ ကျလာတာကို ကြည့်နေကြတဲ့ ကလေးတွေရဲ့ မျက်နှာတွေကိုကြည့်ပြီး ကျွန်တော် ပျော်ခဲ့ပါတယ်” ဟု ဟက်ဗိုဆင်က အေအက်ဖ်ပီကို ၂၀၀၉ ခုနှစ်တွင် ဖြေကြားခဲ့ဖူးသည်။

ဒုတိယကမ္ဘာစစ် ဒဏ်ရာဒဏ်ချက်များနှင့်အတူ အနောက်ဘာလင်တွင် အစာရေစာ ပြတ်လပ်နေသည့် ပြည်သူ နှစ်သန်းခွဲအတွက် လေသူရဲများသည် စားနပ်ရိက္ခာ တန်ချိန် နှစ်သန်းကျော်ခန့်ကို လေကြောင်းပျံသန်းမှု အကြိမ်ရေ ၂၇၇၀၀၀ ခန့်ဖြင့် ပျံသန်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ပျံသန်းမှုများအတွင်း မတော်တဆမှုများကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ဂျာမန်လေသူရဲ အနည်းဆုံး ၇၈ ဦးအထိ သေဆုံးခဲ့ရသည်။