ကမ္ဘာ့ဦးဆောင် အင်အားကြီးနေရာသို့ အမေရိကန် ပြန်ရောက်နိုင်ဦးမည်လား

ထရမ့်နှင့် သူ၏အပေါင်းအပါများသည် ကိုရိုနာကပ်ရောဂါကြီးအား ကုန်သွယ်ရေးလက်နက်အဖြစ် အသုံးချကာ ခြေသွက်လက်သွက်ပင် “တရုတ်ဗိုင်းရပ်စ်” သို့မဟုတ် “ဝူဟန်ဗိုင်းရပ်စ်” ဆိုသည့် အသုံးအနှုန်းများဖြင့်  တရုတ်ကိုဖိအားပေးခဲ့ကြသည်။ အခြားသော ငှက်ဖျားရောဂါများကဲ့သို့ပင် မကြာမီပျောက်ကွယ်သွားမည်ဟု ယူဆကာ ကပ်ဘေးကြီး၏ အန္တရာယ်ကို လျှော့တွက်ခဲ့ကြသည်မှာ သိသာနေသည်။

By စောသန္တာအေး 11 Oct 2020

စောသန္တာအေး ဘာသာပြန်သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာကပ်ဘေးကြီး အုံလိုက်ကျင်းလိုက် ကူးစက်ပျံ့နှံ့နေသည့်အတွက် လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်ခံနေရသည်မှာ ငြင်းစရာမလိုပေ။ သို့သော်လည်း အမေရိကန်အတွက်မူ ဤကပ်ဘေးသည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အသာရစေမည့်အချက်အဖြစ် အသုံးချခံနေရသည်။

ဤကပ်ဘေးကြီး နောက်ကွယ်၌ နောက်ထပ် မရိုးသားမှုတစ်ခု ရှိနေသေးသည်။ အမေရိကန်နှင့် ၎င်း၏ အပေါင်းအပါအချို့သည် ၎င်းတို့၏ အုပ်ချုပ်ရေးညံ့ဖျင်းမှုအား ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် ဖုံးကွယ်ရန် ကြိုးစားနေကြဟန်ရှိသည့် အချက်ဖြစ်သည်။

ကိုဗစ်-၁၉ အန္တရာယ်အား တညီတညွတ်တည်း ထိန်းချုပ်နိုင်ခြင်း မရှိသည့်အချိန်၌ ဤကပ်ဘေးအား  တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရင်ဆိုင်ရေးသည် ယခုအချိန်ကပင် လမ်းစပျောက်နေပြီဖြစ်သည်။

ပိုဆိုးသည်မှာ တစ်ကမ္ဘာလုံးရှိ လူငယ်ပညာရှင် မျိုးဆက်သစ်များသည် နောင်လာမည့်နှစ်ပေါင်းများစွာ တိုင်အောင် ချောင်ထိုးခံရမည့် အနေအထားမျိုး ကြုံနေရခြင်းဖြစ်သည်။

အမေရိကန်သည် ၎င်းအားကြီးကျယ်ခမ်းနားစေသည့် ထက်မြက်မှု အကဲသာမှုများကို ပြုစုပျိုးထောင်ပေးရန် နှစ်ပေါင်း ၃၀ ကျော်ကြာ ပျက်ကွက်ခဲ့သည်။ ထို့အစား နိုင်ငံရေးသမားများ၊ သြဇာအာဏာ ကြီးမားသူများနှင့် ဆက်စပ်နေသူများသည်  ၎င်းတို့၏ လိမ်ဖယ်ဖယ် လူ့မလိုင်အထက်တန်းလွှာဝါဒနှင့် သဘောတရားရေးရာ ယုံကြည်မှုများကိုသာ မွေ့လျော် ခံတွင်းတွေ့နေခဲ့ကြသည်။ ဤအချက်သည်ပင် ကမ္ဘာတစ်ဝန်းတွင် အဖျက်သဘောပေါ်လစီများကို အစဉ်အဆက် အားပေးထောက်ခံမှုများ ဖြစ်စေခဲ့သည်။

အကြမ်းဖက်ဝါဒ၏ ပြင်းထန်မှုအား အရှေ့အလယ်ပိုင်းမှသည် အာဖရိကအထိ အလွန်အကျူး ပုံကြီးချဲ့ခဲ့ကြသလို ဤအချက်ကို အကာအကွယ်ယူ၍ အစ္စလာမ်မစ် စီးပွားရေးကြီးတစ်ခုလုံးအား  ရုပ်ပျက်ဆင်းပျက် ဖြစ်စေပြီး ထိုမှတစ်ဆင့် ဧရာမ လူအုပ်စုအား နေရာရွှေ့ပြောင်းအခြေချမှု ဖြစ်စေခဲ့သည်။

ကံကောင်းသည့်အချက်မှာ ဧရာမ ဖျက်လိုဖျက်ဆီး လုပ်မှုများ၊ ကြိုးကိုင်ခြယ်လှယ်မှုများ ရှိနေသော်လည်း အမေရိကန်သည် မည်သည့် တိုက်ပွဲကိုမဆို ပြတ်ပြတ်သားသား မဟာဗျူဟာမြောက်စွာဖြင့် အောင်နိုင်ခြေ မရှိတော့သည်ကို ကမ္ဘာကြီးက သတိပြုမိလာခဲ့ခြင်းပင်ဖြစ်သည်။

အမေရိကန်သည် ၎င်း၏ စနစ်တကျတရားမဲ့မှုနှင့် လူမျိုးရေးခွဲခြားမှု တို့ကြောင့်သာ နှစ်ခြမ်းကွဲနေသည် မဟုတ်ပေ။ သမ္မတထရမ့် အစိုးရသည်လည်း ကမ္ဘာတစ်ဝန်းရှိ လူမှုရေးဖြစ်စဉ်များအား မလိုမုန်းထားစိတ်ဖြင့် ကြိုးကိုင်ထိန်းကျောင်းရန်အတွက် ၎င်း၏ အပေါင်းအပါများမှတစ်ဆင့် ဝါဒဖြန့်မှုများ ရှိနေပြန်သည်။ လတ်တလော ဖြစ်ပွားလျက်ရှိသည့် “Black Lives Matter” ဆန္ဒပြပွဲများနှင့် ဟောင်ကောင်ဒီမိုကရေစီအရေး ဆန္ဒပြပွဲများသည် ကြီးထွားလာနေသော ဤအန္တရာယ်အား ထင်ဟပ်နေသည့် အသေးစားဖြစ်စဉ်များသာ ဖြစ်သည်။

အော်စတင်၊ ဟွာဝေးနှင့် TikTok ကဲ့သို့သော နိုင်ငံစုံအခြေစိုက် ကုမ္ပဏီကြီးများအား အမေရိကန်က အတင်းအဓမ္မ အရေးယူပိတ်ဆို့နေခြင်းများသည် အကျိုးမရှိပေ။ ကမ္ဘာလုံးချီစီးပွားရေးအား အနိုင်ကျင့်ဗိုလ်ကျနေသူအဖြစ်သာ အမေရိကန်အား ရှုမြင်ကြသည့် အချက်များဖြစ်သည်။

ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်နှင့် ကာမာလာဟဲရစ်တို့က “ယိုယွင်းနေသောနိုင်ငံအား ပြန်လည်တည်ဆောက်” ဆိုသည့် အသုံအနှုန်းဖြင့် သမ္မတထရမ့်နှင့် ရီပါပလစ်ကန်တို့အားပြင်းပြင်းထန်ထန် ဝေဖန်နေခြင်းသည် မမှားပေ။ သို့ဆိုလျှင် ဒီမိုကရက်များနှင့် အမေရိကန်ပြည်သူတို့သည် တစ်နေ့တစ်ခြား ပိုမိုယိုယွင်းလာနေသော ၎င်းတို့၏နိုင်ငံတော်အား ကယ်တင်နိုင်ဦးမည်လား။

ထရမ့်နှင့် သူ၏အပေါင်းအပါများသည် ကိုရိုနာကပ်ရောဂါကြီးအား ကုန်သွယ်ရေးလက်နက်အဖြစ် အသုံးချကာ ခြေသွက်လက်သွက်ပင် “တရုတ်ဗိုင်းရပ်စ်” သို့မဟုတ် “ဝူဟန်ဗိုင်းရပ်စ်” ဆိုသည့် အသုံးအနှုန်းများဖြင့်  တရုတ်ကိုဖိအားပေးခဲ့ကြသည်။ အခြားသော ငှက်ဖျားရောဂါများကဲ့သို့ပင် မကြာမီပျောက်ကွယ်သွားမည်ဟု ယူဆကာ ကပ်ဘေးကြီး၏ အန္တရာယ်ကို လျှော့တွက်ခဲ့ကြသည်မှာ သိသာနေသည်။

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်က တမင်ကြံစည်ခြင်းဖြစ်သည်ဟု တောက်လျှောက်စွပ်စွဲလာသူများအနေဖြင့် သဘောပေါက်ရမည့်အချက်မှာ ၎င်းတို့၏အမြင်သာ မှန်ခဲ့မည်ဆိုပါက အမေရိကန်သည် သက်သေအထောက်အထားများ ထုတ်ပြန်ပြီး တရုတ်အား မြေမြှုပ်လိုက်သည်မှာ ကြာပြီ ဆိုသောအချက်ဖြစ်သည်။

စွပ်စွဲသူများအနေဖြင့် အစိုးရအချို့သည် အချက်အလက်အလွဲများအား တမင်တကာထုတ်ပြန်ခြင်း၊ ပြည်သူများအတွက် အရေးပါသော အချက်အလက်များအား ထိန်ချန်ထားကာ လိုအပ်သလိုဖွင့်ချခြင်းများအား အဘယ်ကြောင့် ဆောင်ရွက်နေသနည်းဆိုသည်ကို အလေ့ထားစောင့်ကြည့်ခြင်းက ပို၍ အဓိပ္ပာယ်ရှိသော လုပ်ရပ် ဖြစ်စေမည်ဖြစ်သည်။

စင်ကာပူက ၎င်း၏နိုင်ငံအတွင်း ကူးစက်မှု အလွန်များသော်လည်း သေဆုံးမှုနှုန်းမှာ အလွန်နည်းပါးကြောင်း ပြောကြားသည့်အချက်အား မည်သည့်နိုင်ငံကမှ အရေးတယူမလုပ်ခဲ့ခြင်း၌ သိသာသောအကြောင်းပြချက် ရှိသည်။ ကိုရိုနာကပ်ဘေးအရေး၌ သေဆုံးမှုအချိုးအစားအား တွက်ချက်ကာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မှန်ကန်သည့် ပုံသေကားကျ ညီမျှခြင်းချရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။

တရုတ်နှင့် နယူးဇီလန်နိုင်ငံများတွင် အသစ်တွေ့ရှိချက်များအရ ဗိုင်းရပ်အား အေးခဲအစားအစာများတွင်ပါ တွေ့ရှိရသလို ထပ်မံကူးစက်မှုများလည်း တွေ့ရသည်။ ဤအတိုင်းသာဆိုပါက ကိုရိုနာဗိုင်းရပ်စ်အား ထိထိရောက်ရောက် တိုက်ဖျက်ရေးသည် ရှည်လျားထွေပြားဦးမည့်သဘော ရှိသည်။

ရှေ့အနာဂတ်တွင် ကိုဗစ်ကုသဆေး ထုတ်လုပ်နိုင်ခဲ့လျှင်တောင်မှ ထိုဆေးသည် လူသားအတွက် ဘေးထွက်ဆိုးကျိုးမရှိဟု မပြောနိုင်ပေ။ ကိုဗစ်ကုသဆေးများသည် လူထုအား လုံခြုံစိတ်ချရပြီဆိုသည့် တစ်လွဲအာရုံပင် ပေးကောင်းပေးနိုင်သေးသည်။

အမေရိကန်နိုင်ငံရေးသမားများနှင့် ၎င်းတို့၏ အပေါင်းပါများသည် ကမ္ဘာကြီးအား စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးရမည့်အစား လူသတ်ကွင်းအဖြစ် အသွင်ပြောင်းခဲ့ကြသည်။ သူတို့၏ ဖျက်လိုဖျက်ဆီး လုပ်ဆောင်ချက်များကြောင့် စီးပွားရေးယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့သလို လူ့အသက်ပေါင်းများစွာ မရေအတွက်နိုင်အောင် ဆုံးရှုံးခဲ့ရသည်များလည်း ရှိသည်။ သို့သော်လည်း ဤဆင်းရဲဒုက္ခများအား ယခုအခါ အမေရိကန်လူထုကိုယ်တိုင် ရင်ဆိုင်လာနေရပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ယိုယွင်းပြိုလဲနေပြီဟု ဘိုင်ဒန်နှင့်ဟဲရစ်တို့နှစ်ယောက် ညွှန်းဆိုချသည် မှန်ကန်သည်။ ကိုရိုနာကပ်ဘေးကို ရင်ဆိုင်ရာတွင် အမေရိကန်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား အကူအညီများ ပြန်ပေးရမည် ဖြစ်သလို ၎င်း၏ ကိုယ်ပိုင်အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လက်အောက်ရှိ ကပ်ရောဂါကြိုတင်သတိပေးရေး စီမံချက်ကိုလည်း အားသစ်လောင်းရန် လိုအပ်သည်။

ကပ်ဘေးကြီးအား မထိန်းချုပ်နိုင်သေးမီအထိ အမေရိကန်သာမက တစ်ကမ္ဘာလုံးရှိ အပြစ်မဲ့ပြည်သူ အများအပြား သေကြေဖျားနာမှုများ ခံစားကြရဦးမည်ဖြစ်သည်။ အမေရိကန်ကဲ့သို့ နိုင်ငံ၌ပင် ဤကဲ့သို့သော လုပ်ဆောင်ချက်မျိုး မဆောင်ရွက်နိုင်ပါက ကပ်ဘေးကြီးအား တွန်းလှန်ရေးအတွက် ကမ္ဘာလုံးခေါင်းဆောင်များ ညီညွတ်ရေးဆိုသည်မှာ စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်ထက် ပိုလာမည်မဟုတ်ပေ။

ကမ္ဘာကျော်သိပ္ပံပညာရှင် အဲလဘတ်အိုင်စတိုင်း ပြောခဲ့ဖူးသည့် “ကမ္ဘာကြီးသည် ဆိုးသွမ်းသူများကြောင့် ပျက်စီးမည်မဟုတ်၊ ဆိုးသွမ်းမှုကို လက်ပိုက်ကြည့်နေကြသူများကြောင့်သာ ပျက်စီးလိမ့်မည်။” ဟူသည့် စကားကဲ့သို့ပင်ဖြစ်သည်။ အမေရိကန်လူထုအနေဖြင့် အမေရိကန်၏ အင်အားကြီးမားမှုကို တစ်ကျော့ပြန် အဖတ်ဆယ်နိုင်သေးသည်ဟု ယုံကြည်ပါက ၎င်းတို့၏ သမ္မတလောင်းများ၊ လွှတ်တော်အမတ်များ၏ လုပ်ရပ်များကို စောင့်ကြည့်ပြီး မှန်ကန်အောင် တည့်မတ်ပေးရမည် ဖြစ်သည်။ အမေရိကန်၏ အပေါင်းပါနိုင်ငံများရှိ ထိန်းကျောင်းရခက်သော အစိုးရများ အပေါ်တွင်လည်း သက်ဆိုင်ရာနိုင်ငံသားများက ထို့နည်းတူစွာ စောင့်ကြည့်ထိန်းကျောင်းပေးရန် လိုအပ်လိမ့်မည်ဖြစ်သည်။

စောသန္တာအေး
(ရည်ညွှန်း - Can the US restore its global supremacy? By Joseph Nathan, Asia Times | သရုပ်ဖော်ပုံ - WorldAtlas)