- အိမ်မွေးခွေးကို သေဆုံးသည်အထိ နှိပ်စက်ခဲ့သူ မြန်မာအိမ်အကူအား စင်္ကာပူတရားရုံးက ထောင်ဒဏ်ကိုးလ ချမှတ်
- ဂွမြို့နယ် ကင်းပုံတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး
- စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တရုတ်အများဆုံး
- အထင်ကရ သတင်းစာတိုက်ကြီးကို ပိတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများ တောင်းဆို
- တောင်ကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ညဈေးတန်း မီးလောင်ပျက်စီး
စစ်တပ်၏နှိမ်နင်းမှုကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူ ၂ သိန်းခွဲခန့်ရှိဟု ကုလအထူးသံတမန် ပြော
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး ဆန္ဒထုတ်ဖော် လှုပ်ရှားသူများအား စစ်တပ်၏ နှိမ်နင်းမှုကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူ ၂ သိန်းခွဲနီးပါး ရှိကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် တွမ်အင်ဒရူးက ဧပြီလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
23 Apr 2021
DMG ၊ ဧပြီ ၂၃
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး ဆန္ဒထုတ်ဖော် လှုပ်ရှားသူများအား စစ်တပ်၏ နှိမ်နင်းမှုကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူ ၂ သိန်းခွဲနီးပါး ရှိကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် တွမ်အင်ဒရူးက ဧပြီလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
“အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် ထွက်ပြေးနေရသူ စုစုပေါင်းဟာ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ၁ သန်းရဲ့ လေးပုံတစ်ပုံ ပမာဏနီးပါး ရှိနေပြီဆိုတာ သိရတာ တုန်လှုပ်ဖို့ကောင်းပါတယ်” ဟု လူ့အခွင့်အရေး အထူးသံတမန် တွမ်အင်ဒရူးက ဧပြီလ ၂၁ ရက်နေ့တွင် တွစ်တာပေါ်၌ ရေးထားသည်။
“အခုလို လူသားချင်း အကူအညီပေးရေးဆိုင်ရာ ကပ်ဘေးဒုက္ခကြီးကို ဖြေရှင်းဖို့ ကမ္ဘာက ခုချက်ချင်း လုပ်ဆောင်သင့်နေပါပြီ” ဟုလည်း တွမ်အင်ဒရူးက ရေးသားထားသည်။
ကရင်ပြည်နယ်တွင် ယခုလအစောပိုင်းက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထွက်ပြေးနေရသူ စုစုပေါင်း ၂၄၀၀၀ ထက်မနည်း ရှိမည်ဟု Free Burma Rangers အဖွဲ့က ခန့်မှန်းထားသည်။
ထွက်ပြေးသူ အများစုမှာ လယ်သမားများ ဖြစ်သဖြင့် ၎င်းတို့သာ နေရပ်ပြန်ခွင့် မရပါက ရေရှည်တွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ပေါ်ပေါက်လာနိုင်ခြေလည်း ရှိနေသည်။
ကချင်ပြည်နယ်တွင်လည်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု များကြောင့် မကြာသေးမီကမှ နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၅ ထောင်ထက်မနည်း ရှိနေသည်။ ပြည်တွင်း၌ စစ်တပ်၏ ဖမ်းဆီးမှုခံရသူ သတင်းထောက် အရေအတွက်မှာ ၇၀ ထက်မနည်း ရှိပြီး ၎င်းတို့အနက် ၃၈ ဦးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
နိုင်ငံ၏ အနောက်မြောက်ဘက်ရှိ အိန္ဒိယသို့လည်း ထွက်ပြေးတိမ်းရှောင်သွားသူ အများအပြားရှိနေသည်။ နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယသို့ တိမ်းရှောင်သွားသူ စုစုပေါင်းမှာ ၁၈၀၀ ဝန်းကျင်ရှိကြောင်း ဧပြီလ ၉ ရက်နေ့၌ ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တိမ်းရှောင်လာသူများတွင် CDM ဝန်ထမ်းများ၊ ရဲဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မီးသတ်ဝန်ထမ်းများလည်း ပါဝင်ပြီး အများစုမှာ ချင်းပြည်နယ်မှ ထွက်ပြေးလာသော အရပ်သားများ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် ကေဗန်လာဗနာက မတ်လ အလယ်ပိုင်းတွင် ရိုက်တာသတင်းဌာနသို့ ဖြေကြားထားသည်။
မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအား ဖေဖော်ဝါရီလတွင် ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည်။ စစ်တပ်၏ လုပ်ရပ်အား ကန့်ကွက် ဆန္ဒပြမှုများအပေါ် အင်အားသုံးနှိမ်နင်းမှုကြောင့် သေဆုံးသူစုစုပေါင်းမှာ ဧပြီလ ၂၁ ရက်နေ့အထိ ၇၃၉ ဦး ရှိသွားပြီဖြစ်ကြောင်း အေအေပီပီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသူ ၃၃၃၁ ဦးရှိကာ ၎င်းတို့အနက် ၇၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ ၂၀ ဦးရှိသည်။