- အမ်း လေကြောင်းဗုံးကြဲမှု အရပ်သား ၉ ဦး သေဆုံး၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ
- နပခကို သိမ်းပိုက်ရန် AA အရှိန်မြှင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းနေ
- စစ်ရေးပဋိပက္ခအတွင်း အမျိုးသမီးများ လူမှုဘဝလုံခြုံရေး ပိုမိုဆိုးရွားလာ
- ထိုင်ဝမ်အရေး အသုံးအနှုန်းပြောင်းလဲရန် ရှီကျင့်ဖျင်က ဘိုင်ဒင်ကို ဖိအားပေးခဲ့သည်ဟု ဆို
- အိန္ဒိယဘုရားရှိခိုးကျောင်းတွင် မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူ ၁၅၀ ကျော် ဒဏ်ရာရ
စစ်ရေးပဋိပက္ခအတွင်း အမျိုးသမီးများ လူမှုဘဝလုံခြုံရေး ပိုမိုဆိုးရွားလာ
" အမျိုးသမီးတွေဟာ သူတို့ရဲ့ မိသားစုဝင်တွေကို ကာကွယ်စောင့်ရှောက်ရတဲ့အပြင် တော်လှန်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတာကြောင့် အကြမ်းဖက်စစ်အုပ်စု (စစ်ကောင်စီ)ရဲ့ ပစ်မှတ်ထားတာကို ခံနေရတယ်" ဟု BWU က ဆိုသည်။
29 Oct 2024
DMG ၊ အောက်တိုဘာ ၂၉
စစ်ရေးပဋိပက္ခအတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများမှာ စစ်ကောင်စီ၏ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ငြိမ်းချမ်းရေးနှင့် လူမှုဘဝလုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာနေသည်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်မှစ၍ မြန်မာပြည်သူတစ်ရပ်လုံးမှာ စစ်တပ်၏ လက်ထဲတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့်အတူ ရုန်းကန်ရှင်သန်နေရပြီး အမျိုးသမီးများမှာ လူမှုဘဝလုံခြုံရေး ခြိမ်းခြောက်ခံနေရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)၏ အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာက ဖော်ပြသည်။
အမျိုးသမီးများမှာ စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် မတရားဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုအပါအဝင် မုဒိမ်းကျင့်မှုများကြောင့် အသက်ဆုံးရှုံးနေရသည်ဟု ယင်းအစီရင်ခံစာတွင် ပါရှိသည်။
BWU၏ စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်နှင့် စက်တင်ဘာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး (၁၉၆) ဦး သေဆုံးခဲ့ပြီး (၁၆၄) ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
" အမျိုးသမီးတွေဟာ သူတို့ရဲ့ မိသားစုဝင်တွေကို ကာကွယ်စောင့်ရှောက်ရတဲ့အပြင် တော်လှန်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်နေတာကြောင့် အကြမ်းဖက်စစ်အုပ်စု (စစ်ကောင်စီ)ရဲ့ ပစ်မှတ်ထားတာကို ခံနေရတယ်" ဟု BWU က ဆိုသည်။
အခြားတစ်ဖက်တွင် အမျိုးသမီးများမှာ စားနပ်ရိက္ခာအတွက် လှဲလှယ်သည့်ကုန်ပစ္စည်း တစ်ခုဖြစ်နေသလို စစ်တပ်၏ အစေခံအဖြစ်လည်း အတင်းအကြပ်ခိုင်းစေခံနေကြရသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅ ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂုဏ်ညှင်းရှိုရွာမှ တောင်ယာလုပ်နေသော အမျိုးသမီး (၁၀)ဦးနှင့် အမျိုးသားသုံးဦးတို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ယင်းနောက် အမျိုးသားသုံးဦးကို ရိုက်နှက်ကာပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီးများကို ဆက်လက်ဖမ်းဆီးကာ စားနပ်ရိက္ခာနှင့် အလှဲအလှယ်လုပ်ခဲ့ကြောင်း BWU၏ အချက်အလက်အရ သိရသည်။
အမျိုးသမီးများမှာ စစ်တပ်၏ ဖမ်းဆီးခံခြင်းကိုခံရကာ အတင်းအဓမ္မ စစ်မှုထမ်းခံနေရခြင်းက လူမှုဘဝလုံခြုံရေးအခြေအနေကို ထပ်လောင်းဆိုးရွားစေကြောင်း BWU က ဆိုသည်။
"အမျိုးသမီးတွေမှာ ပြေးလမ်းမရှိ သားကောင်လို ဖြစ်နေရတယ်။ ကျူးလွန်သူတွေဟာလည်း စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြစ်ဒဏ်လွတ်ကင်းနေကြရတယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေက ဆိုးရွားတယ်ဆိုတာထက် ပိုနေပြီ" ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက နည်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်နေသော်လည်း အကြောက်တရားထက် အမျိုးသမီးထု၏ အုံကြွမှုများမှာ လျော့ကျမသွားဘဲ ပိုမိုကြီးထွားလာနေကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူထားသည်မှာ လေးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သော်လည်း နိုင်ငံတစ်ဝန်းမှာ အာဏာရှင်တော်လှန်ရေး ဆန္ဒပြမှုများမှာ ယနေ့ထိတိုင် ရှိနေဆဲဖြစ်သည်။