စပိန်နိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် လူထုဆန္ဒပြမှု ထပ်မံဖြစ်ပွား

စပိန်တွင် လယ်သမားများ၊ မွေးမြူရေးသမားများနှင့် မုဆိုးများအပါအဝင် ပြည်သူ တစ်သိန်းခွဲခန့်သည် တနင်္ဂနွေနေ့တွင် မက်ဒရစ်မြို့ကိုဖြတ်၍ ချီတက်ခဲ့ကြပြီး ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ကျူးကျော်မှုကြောင့် ကုန်ဈေးနှုန်းများပိုမိုမြင့်မားလာမှုကို စပိန်ဗဟိုလက်ဝဲအစိုးရက ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်မှုအား ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

23 Mar 2022

ဓာတ်ပုံ - AFP

DMG | မတ် ၂၃

စပိန်တွင် လယ်သမားများ၊ မွေးမြူရေးသမားများနှင့် မုဆိုးများအပါအဝင် ပြည်သူ တစ်သိန်းခွဲခန့်သည် တနင်္ဂနွေနေ့တွင် မက်ဒရစ်မြို့ကိုဖြတ်၍ ချီတက်ခဲ့ကြပြီး ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ကျူးကျော်မှုကြောင့် ကုန်ဈေးနှုန်းများပိုမိုမြင့်မားလာမှုကို စပိန်ဗဟိုလက်ဝဲအစိုးရက ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်မှုအား ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

လက်ယာစွန်း ဗောက်စ်ပါတီ၏ တောင်းဆိုမှုအရ အစားအစာ၊ စွမ်းအင်နှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် လူထောင်ပေါင်းများစွာ ဆန္ဒဖော်ထုတ်ခဲ့ပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ဆန္ဒပြမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် စပိန်အလံများ ဝှေ့ယမ်း၍ ဝီစီများမှုတ်ကာ မြို့တော်၏ဗဟိုလမ်းများတစ်လျှောက် တနင်္ဂနွေနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြပြီး အချို့နေရာများတွင် ထွန်စက်များဖြင့် ဦးဆောင်ကာ ဟွန်းများကို ဆူညံစွာတီး၍ ချီတက်ဆန္ဒပြခဲ့ကြသည်။

လူပေါင်း ၁၅၀,၀၀၀ ခန့်ရှိမည်ဟု အစိုးရအရာရှိတစ်ဦးက ခန့်မှန်းထားသည့် အဆိုပါဆန္ဒပြပွဲကို ကျေးလက်မဟာမိတ်အဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်ပြီး မိမိတို့သည် စပိန်နိုင်ငံရှိ လူ ၁၀ သန်းကို ကိုယ်စားပြုသည်ဟုလည်း အဆိုပါအဖွဲ့က ဆိုသည်။

"ဒီအစိုးရက ပျက်စီးယိုယွင်းနေတဲ့အစိုးရပဲ။ လောင်စာဆီကလည်း ပိုပိုပြီး ဈေးကြီးလာတယ်" ဟု မက်ဒရစ်မြို့အနောက်ဘက် ဆင်ခြေဖုံးရှိ ပိုဇူအယ်လိုဒီအလာခရွန်မှလာသော အစိမ်းရောင်ထွန်စက်တစ်စီးပေါ်မှ နိုရာဂူစ်မာန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အမြတ်အစွန်းနည်းပါးသည့်အချိန်တွင် စက်သုံးဆီနှင့် ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်လာသည်ဟု ထုတ်လုပ်သူများက ညည်းညူကြသည်။
ဆိုရှယ်လစ်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်အစိုးရက ခွေးမွေးမြူခြင်း သို့မဟုတ် အမဲလိုက်ခြင်းကို ကန့်သတ်သည့် တိရစ္ဆာန်သက်သာချောင်ချိရေး စည်းမျဉ်းများကို တွန်းအားပေးနေမှုကိုလည်း ၎င်းတို့က ရှုတ်ချခဲ့ကြသည်။

စပိန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က စွမ်းအင်ဈေးနှုန်းများသည် ဥရောပသမဂ္ဂအတွင်း အမြင့်ဆုံးအဖြစ် ၇၂ ရာခိုင်နှုန်းထိမြင့်မားလာခဲ့သည်။ ထို့နောက် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ အကျပ်အတည်းအပြီး ဆက်တိုက်အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီးနောက် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်ခဲ့သည်။