အမေရိကန်နိုင်ငံသားများအတွက် လုံခြုံရေး သတိပေးချက်များ သံရုံးထုတ်ပြန်

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများ သတိထားရမည့် အချက်များအား ရန်ကုန် အမေရိကန်သံရုံးက မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

31 May 2021

ဓာတ်ပုံ - AP

DMG ၊ မေ ၃၁

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်နိုင်ငံသားများ သတိထားရမည့် အချက်များအား ရန်ကုန် အမေရိကန်သံရုံးက မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်ရှိ ပေါက်ကွဲမှုများသည် မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့်နေရာများကို အဓိက ပစ်မှတ်ထားနေခြင်း ဖြစ်သော်လည်း အခြားနေရာများကိုပါ ပစ်မှတ်ထားမှုများ ရှိလာနေကြောင်း သံရုံး၏ သတိပေးချက်တွင် ဖော်ပြထားသည်။

ရဲများနှင့် စစ်သားများအား ဖြတ်သန်းသွားသော ယာဉ်များပေါ်မှ ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့် ပစ်ပေါက်မှုများ ရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ထိုယာဉ်များအား ပြန်လှန်ပစ်ခတ်မှုများ ရှိသဖြင့် ရန်ကုန်ရှိ အမေရိကန်နိုင်ငံသားများသည် အချိန်တိုင်း သတိအပြည့်ဖြင့် သွားလာသင့်ကြောင်း ထုတ်ပြန်ချက်တွင် အကြံပြုထားသည်။

လက်ရှိစစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် လှိုင်သာယာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပ မြို့နယ်များကို အန္တရာယ်အမြင့်ဆုံး နေရာများအဖြစ် သတ်မှတ်ထားပြီး အမေရိကန်သံရုံး ဝန်ထမ်းများအနေဖြင့် ထိုနေရာများသို့ ကြိုတင် ခွင့်ပြုချက်မရဘဲ မသွားကြရန် ထုတ်ပြန်ချက်တွင် အကြံပြုထားသည်။

မြောက်ဘက်သို့ သွားသည့် ပါရမီလမ်း၊ အနောက်ဘက်သို့ သွားသည့် ပြည်လမ်း၊ အရှေ့သို့သွားသည့် ကမ္ဘာအေးဘုရားလမ်း၊ ဗဟို၊ ဟယ်ပင်၊ ကန်ရိပ်သာနှင့် နတ်မောက်လမ်းတစ်ဝိုက်ကို အန္တရာယ်နည်းသည့် လမ်းများအဖြစ် သတ်မှတ်ထားသည်။

စမ်းချောင်း၊ အလုံ၊ လမ်းမတော်ကဲ့သို့ နေရာများအပါအဝင် အန္တရာယ်အများဆုံးနှင့်၊ အနည်းဆုံး သတ်မှတ်ချက်များတွင် မဖော်ပြထားသည့် နေရာအားလုံးကို အလယ်အလတ် အန္တရာယ်ရှိသော နေရာများဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် အန္တရာယ်သတိပေးချက် အမြင့်ဆုံး နိုင်ငံတွင် ပါဝင်နေသည်။ အသက်အန္တရာယ်အထိ ရှိနိုင်သောကြောင့် အမေရိကန်နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ ခရီးမသွားရန်၊ နိုင်ငံတွင်း ရှိနေသူများလည်း အမြန်ဆုံး ပြန်လည်ထွက်ခွာကြရန် အမေရိကန်အစိုးရက အကြံပြုထားသည်။

အရေးပေါ်အခြေအနေ တစ်စုံတစ်ရာ ကြုံလာပါကလည်း အမေရိကန်သံရုံး၏ ကူညီဖြေရှင်းပေးနိုင်စွမ်းမှာ အကန့်အသတ်ဖြင့်သာ ရှိကြောင်း သတိပေးထားသည်။