- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြေကမ္ဘာကာကွယ်ရေး စမ်းသပ်ချက်အဖြစ် နာဆာက ဂြိုဟ်သိမ်တစ်လုံးအား အာကာသယာဉ်ဖြင့် ဝင်တိုက်ပြီး ဖျက်ဆီးမည်
အမေရိကန် အမျိုးသားအာကာသနှင့် လေကြောင်းဦးစီးဌာန (နာဆာ) သည် လာမည့် ၂၀၂၂ ခုနှစ်အတွင်း စမ်းသပ်မှုတစ်ခုအဖြစ် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်လုံးအား အာကာသယာဉ်တစ်စီးဖြင့် ဝင်တိုက်ပြီး ဖျက်ဆီးရန် စီစဉ်ထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။
06 Nov 2021

အမေရိကန် အမျိုးသားအာကာသနှင့် လေကြောင်းဦးစီးဌာန (နာဆာ) သည် လာမည့် ၂၀၂၂ ခုနှစ်အတွင်း စမ်းသပ်မှုတစ်ခုအဖြစ် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်လုံးအား အာကာသယာဉ်တစ်စီးဖြင့် ဝင်တိုက်ပြီး ဖျက်ဆီးရန် စီစဉ်ထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။
“မြေကမ္ဘာကာကွယ်ရေး” စမ်းသပ်မှုအစီအစဉ်အဖြစ် တစ်နာရီလျှင် မိုင်တစ်သောင်းခွဲ အမြန်နှုန်းဖြင့် လည်ပတ်နေသည့် အာကာသယာဉ်ဖြင့် ထိုဂြိုဟ်အသေးအား ဝင်တိုက်ပြီး ဖောက်ခွဲဖျက်ဆီးမည် ဖြစ်သည်။
ယခုစီမံကိန်းအား ဂြိုဟ်သိမ်လမ်းလွှဲပုံစံတူစမ်းသပ်ချက် (DART) ဟု အမည်ပေးထားသည်။ အနာဂတ်တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ကမ္ဘာကြီးကို ဝင်တိုက်မည့်အန္တရာယ် ရှိကောင်းရှိလာခဲ့မည် ဆိုပါက ဤနည်းလမ်းဖြင့် လမ်းကြောင်းလွှဲလျှင် ထိရောက်မှု ရှိ မရှိကို ယခုစီမံကိန်းဖြင့် ဆုံးဖြတ်မည် ဖြစ်သည်။
DART အစီအစဉ်ဖြင့် ဝင်တိုက်မည့် ဂြိုဟ်ကို ဒီမောဖိုးဟု အမည်ပေးထားပြီး ဂရိဘာသာစကားဖြင့် အသွင်နှစ်မျိုးဟု အဓိပ္ပာယ်ရသည်။ ဒီမောဖိုးသည် မြေကမ္ဘာမှ မိုင်ပေါင်း ၆.၈ သန်းခန့် ကွာဝေးသောနေရာတွင် ရှိပြီး အချင်း ၅၂၅ ပေရှိကာ သူ့ထက်ပိုကြီးသော ဂြိုဟ်တစ်လုံးကို ဗဟိုပြု၍ လည်ပတ်နေခြင်း ဖြစ်သည်။
မြေပြင်အခြေစိုက် တယ်လီစကုပ်များမှ စောင့်ကြည့်နိုင်သည့် အနေအထားတွင် ရှိသဖြင့် ထိုဂြိုဟ်ကို အကောင်းဆုံးပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း နာဆာ၏ အာကာသကာကွယ်ရေးအရာရှိ လင်ဒလေဂျွန်ဆင်က ပြောကြားသည်။
“လက်ရှိမှာတော့ သိထားရသလောက် ကမ္ဘာဆီ ဦးတည်လာနေတဲ့ ဂြိုဟ်တွေ မရှိသေးပါဘူး။ ဒါပေမဲ့ ကမ္ဘာနဲ့ အနီးတစ်ဝိုက်မှာ ဂြိုဟ်သိမ်တွေ အများအပြားရှိနေတယ် ဆိုတာတော့ ကျွန်တော်တို့ သိထားပါတယ်” ဟု ဂျွန်ဆင်က ပြောသည်။
“ကမ္ဘာဆီ ဂြိုဟ်တစ်လုံးလုံး ဦးတည်ဝင်လာတဲ့အချိန်ကျမှ ထပြီး စမ်းသပ်နေရတဲ့ အခြေအနေမျိုး ကျွန်တော်တို့ မလိုချင်ပါဘူး” ဟု သူက ပြောသည်။
DART အာကာသယာဉ်အား SpaceX Falcon 9 ဒုံးပျံဖြင့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လွှတ်တင်ရန် စီစဉ်ထားသည်။ ပစိဖိတ်စံတော်ချိန် ညဉ့် ၁၀ နာရီ ၂၀ မိနစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒန်ဘက် အာကာသစခန်းမှ လွှတ်တင်မည်ဖြစ်သည်။
အဆိုပါအချိန်၌ လွှတ်တင်ပါက ပစ်မှတ်ထားသော ဂြိုဟ်အား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် အောက်တိုဘာလ ၁ ရက်နေ့အကြားတွင် ဝင်တိုက်နိုင်မည်ဟု နာဆာက ခန့်မှန်းထားသည်။