- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သံမဏိကြံ့ခိုင်မှုကို လိမ်လည်မှု ပေါ်ထွက်ပြီးနောက် အမေရိကန် ရေငုပ်သင်္ဘောများကို ပြန်လည်စိစစ်နေရ
အမေရိကန်ရေတပ်သုံး ရေယာဉ်များအတွက် သံမဏိတင်ပို့သည့် ကုမ္ပဏီတစ်ခုကို စစ်ဆေးရသည့် သတ္တုဗေဒပညာရှင်တစ်ဦးသည် အရည်အသွေးစစ်ဆေးမှု ရလဒ်များကို လိမ်လည်ပြုပြင်ခဲ့ကြောင်း သိရပြီးနောက် အမေရိကန်ရေတပ်သည် ၎င်း၏ ရေငုပ်သင်္ဘောများအား စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်နေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Nov 2021

DMG ၊ နိုဝင်ဘာ ၁၀
အမေရိကန်ရေတပ်သုံး ရေယာဉ်များအတွက် သံမဏိတင်ပို့သည့် ကုမ္ပဏီတစ်ခုကို စစ်ဆေးရသည့် သတ္တုဗေဒပညာရှင်တစ်ဦးသည် အရည်အသွေးစစ်ဆေးမှု ရလဒ်များကို လိမ်လည်ပြုပြင်ခဲ့ကြောင်း သိရပြီးနောက် အမေရိကန်ရေတပ်သည် ၎င်း၏ ရေငုပ်သင်္ဘောများအား စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်နေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နေဗီရေငုပ်သင်္ဘောများတွင် အသုံးပြုသည့် သံမဏိ၏ ကြံ့ခိုင်မှုနှင့် အကြမ်းခံနိုင်ရည်ကို စစ်ဆေးခဲ့သည့် ရလဒ်များအား လိမ်လည်ပြောင်းလဲမှုဖြင့် အသက် ၆၇ နှစ်အရွယ် အယ်လင်းသောမက်စ်ကို အပြစ်ရှိကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ဆုံးဖြတ်ခဲ့သည်။
ဝါရှင်တန်ရှိ စတီးစက်ရုံ ဘရက်ကင်ကုမ္ပဏီ၏ သတ္တုဗေဒညွှန်ကြားရေးမှူးဟောင်းဖြစ်သူ သောမက်စ်သည် နှစ်ပေါင်း ၃၀ ကျော်ကြာ အချက်အလက်များ လိမ်လည်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ စစ်ဆေးမှု မအောင်မြင်သည့် သံမဏိများကို ရောင်းချနိုင်သည့် အဆင့်အတန်းအဖြစ် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ဘရက်ကင်ကုမ္ပဏီသည် General Dynamics နှင့် Huntington Ingalls Industries တို့ကဲ့သို့ အကြီးစားကန်ထရိုက်တာများက ရေငုပ်သင်္ဘောကိုယ်ထည်များ ဆောက်လုပ်ရာတွင် အသုံးပြုသည့် သံမဏိများ တင်ပို့နေသည့် ကုမ္ပဏီကြီးဖြစ်သည်။
ရေငုပ်သင်္ဘောများတွင် အသုံးပြုသည့် သံမဏိများသည် ရေတပ်က သတ်မှတ်ထားသည့် ကြံခိုင်မှုနှင့် ခံနိုင်ရည် အဆင့်ကို မီရန်လိုအပ်သည်။ ဘရက်ကင်က ရောင်းချခဲ့သော သံမဏိများအထက် ထက်ဝက်ခန့်ပမာဏသည် စစ်ဆေးမှုအဆင့် မမီခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ပြောကြားသည်။
သောမက်စ်သည် “ဘရက်ကင်ကုမ္ပဏီက ရေတပ်အတွက် ထုတ်လုပ်ခဲ့သည့် အမြောက်အများ ပမာဏဖြစ်သော သံမဏိထုတ်ကုန် ၂၄၀ ခန့်၏ ရလဒ်များကို လိမ်လည်ခဲ့သည်” ဟု တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သောမက်စ်၏ လိမ်လည်ထားသည့် စစ်ဆေးမှုများကြောင့် ကန်ထရိုက်တာများသည် ရေငုပ်သင်္ဘောများကို အဆင့်မမီသော သတ္တုများဖြင့် ဆောက်လုပ်ခဲ့ရကာ ရေတပ်ကလည်း ထိုရေငုပ်သင်္ဘောများကို အသုံးပြုခဲ့ရသဖြင့် ရေတပ်သားများနှင့် စစ်ဆင်ရေးများအတွက် အန္တရာယ်ဖြစ်နိုင်သော အနေအထားသို့ ရောက်စေခဲ့သည်ဟု အစိုးရ၏ စွဲချက်တွင် ဖော်ပြထားသည်။
အမေရိကန်စစ်ဌာနချုပ်သည် ၁၉၈၅ နှင့် ၂၀၁၇ ခုနှစ်များအကြားတွင် ရေငုပ်သင်္ဘော ဒါဇင်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ၎င်းတို့အနက် အစီးရေ ၄၀ ခန့်ကို လက်ရှိအချိန်အထိ အသုံးပြုနေဆဲ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။