ထိုင်ဝမ်စစ်ဦးစီးချုပ် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး

ထိုင်ဝမ်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးရှန်ယိမင်သည် ဇန်နဝါရီလ၊ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှုအတွင်း၌ သေဆုံးသွားခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်များကသတင်းထုတ်ပြန်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

By Foreign Desk 02 Jan 2020

ရဟတ်ယာဉ်ပျက်ကျမှုမဖြစ်ပွားမီ တစ်ရက်အလိုက တိုင်ပေတွင်ပြုလုပ်သော အလံတင်အခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ်ကြီးရှန်ယိမင်ကိုတွေ့ရစဉ် (ဓာတ်ပုံ - AFP)

ထိုင်ဝမ်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးရှန်ယိမင်သည် ဇန်နဝါရီလ၊ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှုအတွင်း၌ သေဆုံးသွားခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်များကသတင်းထုတ်ပြန်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးရှန်ယိမင်နှင့် အခြားစစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၁၂ ဦးတို့သည် ဘလက်ဟော့ခ်အမျိုးအစား စစ်ရဟတ်ယာဉ်နှင့် စစ်စခန်းတစ်ခုသို့ စစ်ဆေးရေးသွားရောက်စဉ် ထိုကဲ့သို့အဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဗိုလ်ချုပ်ကြီးရှန်ယိမင်အပါအဝင် စစ်တပ်အရာရှိကြီး စုစုပေါင်း ၈ ဦးအသက်ဆုံးရှုံး ခဲ့ရကြောင်း တာဝန်ရှိသူများကထုတ်ပြန်ထားပြီး အစောပိုင်းသတင်းများအရ အသက်ရှင်ကျန်ရစ်သူများလည်း ရှိကြောင်းသိရှိရသည်။

ထိုင်ဝမ်စစ်တပ်အကြီးအကဲနှင့်အခြားအရာရှိကြီးများသည် တိုင်ပေရှိ ဆောင်းရှန်လေတပ်စခန်းမှ ယီလင်ကောင်တီရှိ ဒေါင်ငွါ စစ်စခန်းသို့ စစ်ဆေးရေးသွားရောက်ကြခြင်းဖြစ်သည်။

၎င်းတို့လိုက်ပါသွားသောရဟတ်ယာဉ်သည် ရာသီဥတုဆိုးရွားမှုနှင့်ကြုံတွေ့ခဲ့ရကာ လေကြောင်းအာဏာပိုင်များနှင့် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၂ မိနစ်တွင် အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် တောင်ထူထပ်သောမြေပြင် အခြေအနေ၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို ဖြစ်နိုင်သမျှအမြန်ဆုံး စေလွှတ်ခဲ့သော်လည်း မြေပြင်အခြေအနေကြောင့် နှောင့်နှေးကြန့်ကြာမှုများနှင့်ရင်ဆိုင်ခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမေရိကန်တို့က ထိုင်ဝမ်တို့အား 60 UH-60M Black Hawk ရဟတ်ယာဉ်များ ၂၀၁၀ ခုနှစ်ကရောင်းချထားခဲ့သော်လည်း ယခုပျက်ကျသော Black Hawk ရဟတ်ယာဉ်မှာ ထိုရဟတ်ယာဉ်များထဲမှတစ်စီးဟုတ်၊မဟုတ် ရှင်းရှင်းလင်းလင်းမသိရ သေးပေ။

လက်ရှိ ထိုင်ဝမ်သမ္မတ ဆိုင်ယိဝမ်သည် စစ်ဦးစီးချုပ်လိုက်ပါသွားသောရဟတ်ယာဉ်ပျက်ကျသည့် သတင်းကြောင့် ကြာသာပတေးနေ့တွင်ပြုလုပ်ရန် ရှိနေသော ၎င်း၏မဲဆွယ်စည်းရုံးရေး အစီအစဉ်များကို ဖျက်သိမ်းလိုက်သည်။

မစ္စတာဆိုင်၏ ဒီမိုကရက်တစ်ပါတီ သည် လာမည့် ဇန်နဝါရီ၊ ၁၁ ရက်တွင်ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် တရုတ်နှင့်ပို၍နီးနီးကပ်ကပ်ထိတွေ့ဆက်ဆံရန်စိတ်အားထက်သန်သော ဟန်ကျိုယု၏ ကူမင်တန်ပါတီနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ်၊ တရုတ်ပြည်တွင်းစစ်နောက်ပိုင်းကတည်းက သီးခြားရပ်တည်လာခဲ့ခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံကမူ ထိုင်ဝမ်ကို၎င်းတို့၏ခရိုင်တစ်ခုအဖြစ်သာ ရှုမြင်လေ့ရှိပြီး တစ်နေ့တွင် လိုအပ်ပါကအင်အားသုံးပြီး တရုတ်ပြည်နှင့်ပြန်လည်ပေါင်းစည်းသွားရန် ရည်မှန်းလျက်ရှိသည်။