- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ရုရှားကျူးကျော်စစ်ကြောင့် ဥရောပနိုင်ငံများအကြား အမေရိကန်ဒရုန်းနှင့် ဒုံးကျည်များ တိုးမြှင့်ဝယ်ယူရန် စိတ်ကူးလာကြ
ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်စစ်ကြောင့် ဥရောပနိုင်ငံများရှိ အစိုးရများသည် အမေရိကန်လုပ် ဒရုန်းများ၊ ပဲ့ထိန်းဒုံးကျည်များအပါအဝင် လက်နက်စာရင်း တသီတသန်းဝယ်ယူရန် တစ်ကျော့ပြန် စိတ်ဝင်စားလာကြပြီး အမေရိကန်အစိုးရနှင့် စစ်ဘက်ဆိုင်ရာ လက်နက်ကန်ထရိုက်တာများထံ ချဉ်းကပ်မှုများရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Mar 2022
DMG | မတ် ၁၉
ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်စစ်ကြောင့် ဥရောပနိုင်ငံများရှိ အစိုးရများသည် အမေရိကန်လုပ် ဒရုန်းများ၊ ပဲ့ထိန်းဒုံးကျည်များအပါအဝင် လက်နက်စာရင်း တသီတသန်းဝယ်ယူရန် တစ်ကျော့ပြန် စိတ်ဝင်စားလာကြပြီး အမေရိကန်အစိုးရနှင့် စစ်ဘက်ဆိုင်ရာ လက်နက်ကန်ထရိုက်တာများထံ ချဉ်းကပ်မှုများရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံဆိုလျှင် အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ် ၃၅ စင်းဝယ်ယူရေး သဘောတူညီချက် ရရှိရန် နီးစပ်နေပြီဖြစ်သည်။ ဂျာမနီသည် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်များ ဝယ်ယူရန်လည်း စုံစမ်းလျက်ရှိကြောင်း အခြေအနေနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
တစ်ချိန်တည်းတွင် ပိုလန်နိုင်ငံကလည်း အမေရိကန်ထံမှ ရစ်ပါ (Reaper) အဆင့်မြင့် ဒရုန်းစနစ်များ ချက်ချင်း ဝယ်ယူရန် ဆန္ဒရှိနေကြောင်း ပိုလန်အစိုးရအရာရှိ တစ်ဦးက ယခုသီတင်းပတ်အတွင်း ပြောကြားသည်။
ဥရောပအရှေ့ပိုင်းနိုင်ငံများသည်လည်း ယူကရိန်းတို့ ရုရှားတပ်များကို တိုက်ခိုက်ရာတွင် အောင်မြင်စွာ အသုံးပြုခဲ့ကြသည့် လက်နက်များကို ပိုင်ဆိုင်လိုသည့်သဘော ရှိနေကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အဆိုပါနိုင်ငံများသည် မြေပြင်မှ ဝေဟင်ပစ် စတင်းဂါးဒုံးလက်နက်များနှင့် တင့်ကားဖျက် ဂျက်ဗလင် ဒုံးကျည်များအပါအဝင် ယူကရိန်းတို့ အသုံးပြုနေသည့် လက်နက်များကို အထူးစိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
ဥရောပနိုင်ငံများသည် ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်များကို နှစ်ဆတိုးမြှင့် သုံးစွဲနေကြကြောင်း ပင်တဂွန် ကာကွယ်ရေးလက်ထောက်ညွှန်မှူး မာရာကာလင်းက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ လွှတ်တော်ကြားနာပွဲ တစ်ရပ်တွင် “ဥရောပ၏ နယ်မြေတည်တံ့ခိုင်မာမှုကို ခြိမ်းခြောက်နေသည့် ရုရှား၏ရန်လိုမှု” အကြောင်း ပြောကြားစဉ် သူမက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဂျာမနီအပြင် ဆွီဒင်နှင့် ဒိန်းမတ်တို့သည်လည်း မရေရာသည့် လုံခြုံရေးအနေအထားများကြောင့် စစ်အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သုံးစွဲလျက်ရှိသည်။
အမေရိကန် လက်နက်ကန်ထရိုက်တာများသည် ပြည်ပနိုင်ငံများ၏ အစိုးရများသို့ လက်နက်ရောင်းချမည်ဆိုလျှင် အမေရိကန်အစိုးရ၏ ခွင့်ပြုချက် လိုအပ်သည့်အတွက် ပင်တဂွန် စစ်ဘက်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့သည် ဥရောပအကျပ်အတည်း စီမံခန့်ခွဲရေး အဖွဲ့နှင့်အတူ အပတ်စဉ် အစည်းအဝေးများ ပြုလုပ်ပြီး လက်ရှိ ယူကရိန်းအကျပ်အတည်းမှ ပေါ်ထွက်လာသည့် အကူအညီတောင်းခံမှု အချို့ကို သုံးသပ်ဆွေးနွေးလျက်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
အမေရိကန်အစိုးရထံမှ စစ်လက်နက်ပစ္စည်းဝယ်ယူရေး သဘောတူညီချက်များသည် ဝယ်ယူမည့်နိုင်ငံများ၏ လိုအပ်မှုပုံစံကို နှစ်နှင့်ချီ လေ့လာဆုံးဖြတ်ပြီးမှ စိစစ်ခွင့်ပြုခြင်း ဖြစ်သည့်အတွက် အပြီးသတ်သဘောတူညီချက် ရရှိရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်လေ့ရှိသည်။