အမေရိကန်တပ်များ အာဖဂန်မှ ထွက်ခွာသည့် ဆုံးဖြတ်ချက်ဘက်က သမ္မတဘိုင်ဒန် ရပ်တည်ပြောကြား

အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်မှ ဆုတ်ခွာမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် အဆိုပါမူဝါဒနှင့် တစ်သားတည်းရပ်တည်ပြီး ယခုအချိန်သည် နှစ် ၂၀ ကြာခဲ့ပြီဖြစ်သည့် ပဋိပက္ခမှ ထွက်ခွာရန်အချိန် ဖြစ်သည်ဟုလည်း သမ္မတဂျိုးဘိုင်ဒန်က သြဂုတ်လ ၁၆ ရက် တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

17 Aug 2021

ဓာတ်ပုံ - Reuters

DMG ၊ ဩဂုတ် ၁၇

အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်မှ ဆုတ်ခွာမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် အဆိုပါမူဝါဒနှင့် တစ်သားတည်းရပ်တည်ပြီး ယခုအချိန်သည် နှစ် ၂၀ ကြာခဲ့ပြီဖြစ်သည့် ပဋိပက္ခမှ ထွက်ခွာရန်အချိန် ဖြစ်သည်ဟုလည်း သမ္မတဂျိုးဘိုင်ဒန်က သြဂုတ်လ ၁၆ ရက် တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

“ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုလည်း ကျွန်တော် အပြည့်အဝ တာဝန်ယူပါတယ်” ဟု သမ္မတက ပြောသည်။ အာဖဂန်အဖြစ်အပျက်များနှင့် ပတ်သက်၍ ရက်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့သည့် သမ္မတက ၎င်း၏ ရုပ်သံမိန့်ခွန်းတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အာဖဂန်မြို့တော် ကဘူးရှိ အဖြစ်အပျက်များနှင့် ပတ်သက်၍လည်း မိမိအနေဖြင့် နက်နက်ရှိုင်းရှိုင်း စိတ်မကောင်းဖြစ်မိပါကြောင်း ပြောကြားသလို တာလီဘန်အုပ်ချုပ်မှုအောက်သို့ ပြန်လည် ကျဆင်းသွားရသည့် အမျိုးသမီးများ၏ အခွင့်အရေးအတွက်လည်း ထုတ်ဖော်ပြောကြားမှုများ ပြုလုပ်သွားမည်ဟု သမ္မတက ကတိပေးခဲ့သည်။

အာဖဂန်ကို ဆယ်စုနှစ်နှစ်ခုကြာ အုပ်ချုပ်ခဲ့ပြီးနောက် ဗရမ်းပတာ ပြန်လည်ဆုတ်ခွာမှုနှင့် ပတ်သက်၍ ဝေဖန်ချက် အမြောက်အများ ရှိနေသော်လည်း အမေရိကန်တပ်များ အာဖဂန်မှ ရုတ်သိမ်းခဲ့ခြင်းအပေါ် မိမိအနေဖြင့် နောင်တရခြင်းမရှိကြောင်း သမ္မတဘိုင်ဒန်က ပြောသည်။

သို့သော်လည်း အာဖဂန်အစိုးရသည် သူယူဆထားသည်ထက် မြန်မြန်ဆန်ဆန် ပြိုလဲသွားခြင်းဖြစ်သည်ကိုတော့ သမ္မတက ဝန်ခံပြောကြားသည်။ အာဖဂန်တပ်ဖွဲ့ဝင်များသည် တာလီဘန်များကို ရင်ဆိုင်လိုစိတ် မရှိကြကြောင်း သူကပြောသည်။

“သူတို့ရဲ့အနာဂတ်ကို ပုံဖော်ဖို့အတွက် ကျွန်တော်တို့ဘက်က အခွင့်အလမ်းပေါင်းစုံ ပေးခဲ့ပါတယ်။ သူတို့ရဲ့အနာဂတ်အတွက် ရင်ဆိုင် တိုက်ပွဲဝင်ဖို့ စိတ်ဆန္ဒကိုတော့ ကျွန်တော်တို့ မပေးနိုင်ခဲ့ပါဘူး” ဟု သမ္မတဘိုင်ဒန်က ပြောသည်။

ကဘူးလေဆိပ်မှ ထွက်ခွာရန် ပြင်ဆင်နေကြသည့် ထောင်နှင့်ချီသော အမေရိကန်သံတမန်များနှင့် အာဖဂန်စကားပြန်များကို ခြိမ်းခြောက်နှောင့်ယှက်ခြင်းများ မပြုလုပ်ရန်လည်း တာလီဘန်များအား အမေရိကန်သမ္မတက သတိပေးထားသည်။

“ကျွန်တော်တို့ရဲ့ လူတွေအတွက် လိုအပ်လာရင် အင်အားအမြောက်အများသုံးပြီး ကာကွယ်သွားမှာပါ” ဟု သူ၏ ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။