ကိုဗစ်ခုခံအား ရရှိထားသူသည် ၁၀ လခန့်အထိ အခြားဖျားနာရောဂါများကိုပါ ခုခံနိုင်စွမ်းရှိကြောင်း လေ့လာချက်တစ်ရပ်တွင် ဖော်ပြ

သုတေသီများသည် နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာချက် ၆၅ ခုကို ပြန်လည်ဆန်းစစ်ထားခြင်း ဖြစ်သည်။

By Admin 21 Feb 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် နာလန်ပြန်ထူလာကာ ခုခံအားရရှိထားသူများသည် နောက်ထပ် ၁၀ လခန့်အထိ အခြားသော ဖျားနာရောဂါမျာကိုပါ ခုခံနိုင်စွမ်း ရှိနေသလို အဖျားရောဂါ ကြီးကြီးမားမား ဖြစ်ပွားခြင်းကိုလည်း လျှော့ချနိုင်ကြောင်း လေ့လာချက်တစ်ရပ်အရ သိရသည်။

ကိုဗစ်-၁၉ နှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အမေရိကန်အခြေစိုက် Institute for Health Metrics and Evaluation Covid-19 Forecasting Team မှ သုတေသီများသည် ၎င်းတို့၏ လေ့လာချက်ကို ပြီးခဲ့သောသီတင်းပတ်အတွင်း The Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့ကြသည်။

သုတေသီများသည် နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာချက် ၆၅ ခုကို ပြန်လည်ဆန်းစစ်ထားခြင်း ဖြစ်သည်။

ကိုဗစ်ရောဂါပျောက်ကင်းပြီး နောက်ထပ် ၁၀ လအတွင်း၌ အဆိုပါပုဂ္ဂိုလ်သည် အခြားသော ကိုဗစ်မျိုးကွဲများအားလုံးကို ခုခံတွန်းလှန်နိုင်စွမ်း အားကောင်းနေကြောင်း ယခုလေ့လာချက်က တွေ့ရှိခဲ့သည်။

“၁၀ လအတွင်း ပြင်းထန်ရောဂါတွေနဲ့ သေဆုံးမှုကို ၉၀ ရာခိုင်နှုန်းနီးပါးအထိ လျှော့ချနိုင်တာကို တွေ့ရပါတယ်။ ဒီအချက်ဟာ ကျွန်တော် မျှော်လင့်ထားတာထက်ကို အများကြီးပိုကောင်းနေပါတယ်။ ဒါဟာ ကမ္ဘာကြီးအတွက်လည်း ကောင်းတဲ့အချက်ပါပဲ” ဟု ဒေါက်တာခရစ္စမူရေးက ပြောကြားသည်။ ခရစ္စမူရေးသည် ဝါရှင်တန်တက္ကသိုလ်ရှိ ကျန်းမာရေးအချက်အလက်နှင့် ဆန်းစစ်မှုဌာနမှ ညွှန်ကြားရေးမှူးဖြစ်သည်။

သို့သော်လည်း ကိုဗစ်-၁၉ ကိုယ်ခံအားသည် အခြားသော ဝက်သက်ရောဂါ၊ ကျောက်ရောဂါတို့ကဲ့သို့ တစ်သက်တာ ကာကွယ်ပေးနိုင်စွမ်းတော့ မရှိပေ။ သို့အတွက်ကြောင့် ကိုဗစ်-၁၉ ရောဂါကို အောင်မြင်စွာ ကျော်ဖြတ်လာနိုင်သည့်တိုင် ကာယကံရှင်များအနေဖြင့် ထပ်ဆောင်းအားဖြည့်ဆေး Booster များကို ထိုးနှံရန် လိုအပ်ဦးမည် ဖြစ်သည်။ 

ယခုကဲ့သို့ ၁၀ လခန့်အထိ ကိုယ်ခံအားရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ထပ်ဆောင်းအားဖြည့်ဆေးကို တစ်နှစ်လျှင် တစ်ကြိမ်ခန့်ထက် ပိုမိုထိုးနှံရန်တော့ လိုချင်မှလိုမည်ဟု ဒေါက်တာမူရေးက ပြောကြားသည်။

ဗီဒီယိုများ