ပြင်းထန်လေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း လူပေါင်း ၈၀ ထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံအလယ်ပိုင်းရှိ ပြည်နယ်အချို့တွင် သောကြာနေ့ညက ပြင်းထန်လေဆင်နှာမောင်းများ အရေအတွက် ဒါဇင်နှင့်ချီ တိုက်ခတ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူစုစုပေါင်း ၈၄ ဦး ရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

12 Dec 2021

ဓာတ်ပုံများ - AP

DMG ၊ ဒီဇင်ဘာ ၁၂

အမေရိကန်နိုင်ငံအလယ်ပိုင်းရှိ ပြည်နယ်အချို့တွင် သောကြာနေ့ညက ပြင်းထန်လေဆင်နှာမောင်းများ အရေအတွက် ဒါဇင်နှင့်ချီ တိုက်ခတ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူစုစုပေါင်း ၈၄ ဦး ရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကယ်ဆယ်ရေးသမားများသည် တနင်္ဂနွေနေ့ အစောပိုင်းအချိန်အထိ အသက်ရှင်ကျန်ရစ်သူများကို အပျက်အစီးများကြားတွင် ရှာဖွေနေကြဆဲ ဖြစ်ကာ ပျောက်ဆုံးနေသူများလည်း အများအပြား ရှိနေဆဲဖြစ်သည်။

ကင်တပ်ကီပြည်နယ်တစ်ခုတည်းတွင် သေဆုံးသူအရေအတွက်သည် ရ၀ ကျော် ရှိနိုင်ပြီး အများစုမှာ ဖယောင်းတိုင်စက်ရုံတစ်ခုမှ အလုပ်သမားများ ဖြစ်ကြသည်။

အီလီနွိုက်ပြည်နယ်ရှိ အမေဇုံကုမ္ပဏီ၏ ပစ္စည်းသိုလှောင်ရုံတွင်လည်း သေဆုံးသူ အနည်းဆုံး ၆ ဦးရှိပြီး ခရစ္စမတ်ကာလအတွက် အမှာပစ္စည်းများ ပေးပို့ရန် ညဉ့်တာဝန်ကျသူများ ဖြစ်ကြသည်။
ကင်တပ်ကီပြည်နယ်တွင် တိုက်ခတ်သွားသော လေဆင်နှာမောင်းသည် မြေပြင်တစ်လျှောက် ကီလိုမီတာ ၃၂၀ ခန့်အထိ တိုက်ခတ်သွားခြင်းဖြစ်ကာ အမေရိကန်တွင် တိုက်ခတ်ခဲ့သည့် ပြင်းထန်လေဆင်နှာမောင်းများအနက် တစ်ခုဖြစ်သည်။

ကင်တပ်ကီအနောက်ပိုင်း မေဖီးမြို့ငယ်တွင် ပြင်းထန်စွာတိုက်ခတ်သွားသော လေဆင်နှာမောင်းကြောင့် အဆောက်အအုံများ ပြားပြားဝပ်သွားပြီး သစ်ပင်များသည် အကိုင်အခက်များမကျန်တော့ဘဲ ပင်စည်ချည်းသာ ကျန်ခဲ့ကာ ကွင်းပြင်များ၌ ကားများ ပက်လက်ရှိနေကြကြောင်း စီအန်အန်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယမန်နေ့က တိုက်ခတ်သွားသော လေဆင်နှာမောင်းစုစုပေါင်း ၃၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

အာကန်ဆက်ပြည်နယ်တွင်လည်း လေဆင်နှာမောင်းကြောင့် သက်ကြီးရိပ်သာတစ်ခု ပျက်စီးသွားပြီး တစ်ဦးသေဆုံးကြောင်း စီရင်စုအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မစ်ဆိုရီပြည်နယ်တွင် တစ်ဦးသေဆုံးပြီး တင်နက်စီပြည်နယ်တွင် လေးဦး သေဆုံးကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

လေဆင်နှာမောင်းတိုက်ခတ်ချိန်၌ အီလီနွိုက်ပြည်နယ်တောင်ပိုင်းရှိ အမေဇုန် ပစ္စည်းသိုလှောင်ရုံတွင် ပိတ်မိနေခဲ့သူ ၁၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရပြီး လတ်တလောတွင် အန္တရာယ်ကင်းစွာဖြင့် ထွက်လာနိုင်သူ ၄၅ ဦးကို အတည်ပြုထားနိုင်ပြီဖြစ်သည်။