သက်တမ်းကုန်ခါနီးမှ အိုးစားကွဲရတဲ့ အမေရိကန်သမ္မတနဲ့ ဒုသမ္မတအကြား ဆက်ဆံရေး

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ သမ္မတထရမ့်နဲ့ ဒုသမ္မတမိုက်ပင်ဆေတို့ဟာ အတွဲညီညီ အလုပ်ဖြစ်ခဲ့ကြသူတွေပါ။ ခုတော့ သူတို့ရဲ့ အုပ်ချုပ်ရေးသက်တမ်းပြည့်ဖို့ နှစ်ပတ်ခန့်သာ လိုတော့တဲ့ အချိန်မှာ အကွဲအပြဲက သိသိသာသာ ထွက်ပေါ်လာပါတယ်။

09 Jan 2021

(ကိုးကား - AP, AFP ၊ ဓာတ်ပုံ - Bloomberg)

မိုက်ပင်ဆေဆိုတာ လက်ရှိပွဲဆူနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို လေးနှစ်တိုင်တိုင် ထောက်ခံအားပေးလာတဲ့ သစ္စာရှိ ဒုသမ္မတတစ်ဦးပါ။ ခုတော့ သူ့အထက်အရာရှိ သမ္မတထရမ့်ရဲ့ စောင်မမှုနဲ့ ဒုက္ခလှလှရောက်နေရပါပြီ။ ဗုဒ္ဓဟူးနေ့က ထရမ့်လိုလားသူ လူအုပ်ကြီး လွတ်တော်ကိုဝင်စီးစဉ်မှာ “မိုက်ပင်ဆေကို ကြိုးပေးကြ” လို့ လူတချို့ အော်ဟစ်နေကြတာတောင် ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ သမ္မတထရမ့်နဲ့ ဒုသမ္မတမိုက်ပင်ဆေတို့ဟာ အတွဲညီညီ အလုပ်ဖြစ်ခဲ့ကြသူတွေပါ။ ခုတော့ သူတို့ရဲ့ အုပ်ချုပ်ရေးသက်တမ်းပြည့်ဖို့ နှစ်ပတ်ခန့်သာ လိုတော့တဲ့ အချိန်မှာ အကွဲအပြဲက သိသိသာသာ ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ ကာလတွေအတွင်း သမ္မတထရမ့်ဟာ မိုက်ပင်ဆေဆီ ဖုန်းအကြိမ်ကြိမ်ဆက်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်နိုင်အောင် လုပ်ဖို့ ဒေါသတကြီး ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ သူတို့နဲ့ နီးစပ်မှုရှိသူတစ်ယောက်က အေပီကို ပြောပါတယ်။ ပင်ဆေဟာ ဒီဖြစ်ရပ်တွေကြောင့် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ သူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထရမ့်ကို လူသိရှင်ကြား ဆန့်ကျင်လိုက်တာဟာ အလွန်အမင်း သမ္မတအပေါ် သစ္စာစောင့်သိလွန်းသူ ပင်ဆေရဲ့ ပထမဆုံးအကြိမ် ဆန့်ကျင်မှုပါပဲ။ ပင်ဆေဟာ သမ္မတရဲ့ လုပ်ရပ်တွေကို ၂၀၁၆ တည်းက တောက်လျှောက်ဖာထေးလာသူ၊ ထရမ့်ရဲ့လေလုံးတွေကြောင့် လက်လန်ကုန်တဲ့ ကမ္ဘာခေါင်းဆောင်တွေကို ချွေးသိပ်ဖို့ကြိုးစားသူ၊ ကိုယ်တိုင်လည်း ထရမ့်ရဲ့ဒေါသကို ဂရုတစိုက် ရှောင်တိမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘိုင်ဒန်ကို ရှုံးပြီးတဲ့နောက် အခြေအမြစ်မရှိဘဲ လျှောက်ပြောတဲ့ ထရမ့်ရဲ့စွပ်စွဲချက်တွေဘက်ကပါ ရပ်တည်ပေးခဲ့သူပါ။

စွပ်စွဲချက်တွေ တရားရုံးတစ်ခုပြီးတစ်ခုမှာ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ရွေးစရာလမ်း မရှိတော့တဲ့ ထရမ့်နဲ့ နောက်လိုက်တွေဟာ လွှတ်တော်ရဲ့ မဲစာရင်းရေတွက်မှုကို ပစ်မှတ်အဖြစ် ရွေးလိုက်ပါတော့တယ်။
ယုတ္တိမရှိတဲ့ ဥပဒေကောက်ချက်ချမှုတွေ နဲ့အတူ ထရမ့်အုပ်စုက သမ္မတကိုရွေးပိုင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်တွေက ဂျိုးဘိုင်ဒင်ကို မဲပေးရွေးချယ်ထားခြင်းကို ဒုသမ္မတမိုက်ပင်ဆေက ငြင်းပယ်ခွင့်အာဏာ ရှိတယ်ဆိုပြီး သတင်းဖြန့်လိုက်ပါတယ်။ အမှန်ကတော့ လွှတ်တော်မှာသာ ဒီအာဏာရှိကြောင်းကို ဖွဲ့စည်းပုံမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားပါ။

ဒါနဲ့ပဲ မိုက်ပင်ဆေဟာ ထရမ့်ရဲ့အရှုံးအတွက် စွပ်စွဲဖို့ ဓားစာခံထွက်ပေါက် ဖြစ်သွားရပါတော့တယ်။ ပင်ဆေဟာ  သူ့ရှေ့နေတွေ၊ ဖွဲ့စည်းပုံလေ့လာသူတွေနဲ့ တိုင်ပင်ပြီး သူမလုပ်နိုင်ကြောင်း ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှာ ပြောပြတဲ့အခါမှာတော့ ထရမ့်တစ်ယောက် ဒေါသအိုးပေါက်ကွဲပါတော့တယ်။

ဒီနောက်မှာတော့ ထရမ့်ဟာ သူ့ကိုထောက်ခံသူ ထောင်ပေါင်းများစွာရှေ့မှာပဲ ရွေးကောက်ပွဲရလဒ်ကို ပင်ဆေက ပြောင်းလဲပေးနိုင်ကြောင်းနဲ့ လွှတ်တော်အဆောက်အအုံဆီ ချီတက်ကြဖို့ပါ ပြောခဲ့ပါတယ်။

“မိုက်ပင်ဆေသာ မှန်ကန်တဲ့လုပ်ရပ်ကို လုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ရွေးကောက်ပွဲနိုင်ပြီ” လို့ပါ တလွဲပြောခဲ့ပါတယ်။ သူ့မိန့်ခွန်းထဲမှာလည်း မိုက်ပင်ဆေနာမည်ကို ထပ်တလဲလဲ ထည့်ပြောပြီး ဖိအားပေးခဲ့ပါတယ်။

တကယ်တမ်းမှာ ထရမ့်ဟာ ဒုသမ္မတမိုက်ပင်ဆေ ဘာလုပ်မယ်ဆိုတာ ကြိုသိပြီးသားပါ။ ထရမ့်မိန့်ခွန်းပြောနေတုန်းမှာပဲ မိမိအနေနဲ့ ပြည်နယ်တွေရဲ့ မဲတွေကို တစ်ဘက်သတ်ငြင်းပယ်ပိုင်ခွင့် မရှိဘူးလို့  ဖော်ပြထားတဲ့ စာတစ်စောင်ကို ဒုသမ္မတဟာ လွှတ်တော်ဆီပေးပို့ခဲ့ပါတယ်။

ဘယ်လောက်မှ မကြာတော့တဲ့အချိန်မှာပဲ ထရမ့်ထောက်ခံသူ လူအုပ်ကြီးဟာ လွှတ်တော်ဆီရောက်လာပြီး လုံခြုံရေးတွေကို ကျော်ဖြတ်၊ ပြတင်းတွေရိုက်ချိုးပြီး အဆောက်အအုံကြီးထဲ အတင်းဝင်လာကြလို့ မဲရေတွက်မှုလုပ်ငန်းစဉ်ကို ရပ်လိုက်ရပါတယ်။ ဒုသမ္မတ၊ ဇနီးနဲ့သမီး၊ ဝန်ထမ်းတွေဟာလည်း လုံခြုံတဲ့နေရာတစ်ခုမှာ နာရီနဲ့ချီ တိမ်းရှောင်ခဲ့ရပါတယ်။

ထရမ့်ကတော့ မိုက်ပင်ဆေရဲ့ လုံခြုံရေးအတွက် မေးမြန်းစုံစမ်းခြင်းလည်း မရှိသလို ပင်ဆေရဲ့ လုပ်ရပ်အပေါ် တစ်နေ့လုံး ဒေါပွရင်းအချိန်ကုန်ခဲ့ပါတယ်။ တွစ်တာပေါ်မှာလည်း “မိုက်ပင်ဆေဟာ ကျွန်တော်တို့နိုင်ငံနဲ့ ဖွဲ့စည်းပုံကို ကာကွယ်ဖို့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်ကို လုပ်ဖို့သတ္တိမရှိဘူး” လို့ ရေးသားခဲ့ပါတယ်။
လွှတ်တော်ကိုရောက်လာတဲ့ လူအုပ်ကြီးထဲမှာလည်း “မိုက်ပင်ဆေကို ကြိုးပေးကြ” လို့ အော်ဟစ်နေသူတွေ ပါဝင်တာကို ဗီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။

အခြားတစ်ဘက်မှာတော့ မိုက်ပင်ဆေလည်း ဒီဖြစ်ရပ်တွေကြောင့် တော်တော်လေး စိတ်မကောင်းဖြစ်သလို ဒေါသလည်း ထွက်နေတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
“ပင်ဆေတစ်ယောက် ဒီနေ့လောက် ဒေါသထွက်တာ ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး” ရီပါပလီကန်လွတ်တော်အမတ် ဂျင်အင်ဟိုဖေးက သတင်းဌာနတစ်ခုကို ဖြေကြားပါတယ်။

ထရမ့်ရဲ့ သမ္မတသက်တမ်းက နှစ်ပတ်နီးပါးကျန်သေးတဲ့အတွက် ဒီကာလမှာ ထရမ့်နဲ့ ပင်ဆေတို့အကြား ဘယ်လိုဆက်ပြီး စခန်းသွားမလဲ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အိမ်ဖြူတော်ဘက်ကတော့ သမ္မတရဲ့ အမြင်ကို ဖြေကြားဖို့ ငြင်းဆန်ပါတယ်။ ဒါပေမဲ့ ပင်ဆေဟာ ဒီသီတင်းနှစ်ပတ်မှာ သမ္မတအပြောင်းအလဲ ကိစ္စရပ်တွေကို အလေးထားဆောင်ရွက်မှာ ဖြစ်တယ်လို့ မိတ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။ သူဟာ ဂျိုးဘိုင်ဒန်ရဲ့ သမ္မတရာထူးလက်ခံပွဲကိုလည်း တက်ရောက်မယ်လို့ ယူဆရပါတယ်။

သမ္မတနဲ့ အနီးကပ်ဆက်ဆံရေး ခွာပြဲသွားပေမဲ့ ဒုသမ္မတ မိုက်ပင်ဆေသာ ၂၀၂၄ မှာ သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုရင် ဒုသမ္မတရဲ့ လုပ်ရပ်က ရေရှည်အကျိုးသက်ရောက်မှု ရှိမယ်မထင်ဘူးလို့ မိတ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။

“ဒီလုပ်ရပ်ဟာ တကယ်ကို သတ္တိရှိတဲ့ လုပ်ရပ်လို့ ထင်ပါတယ်” လို့ ပင်ဆေရဲ့ မဲဆွယ်စည်းရုံးရေးမှာ ကမ်ပိန်းပြောခွင့်ရအဖြစ် ဆောင်ရွက်ခဲ့သူ ဂျွန်သွမ်မဆင်က ပြောပါတယ်။
“ဒီလုပ်ရပ်ဟာ သူ့ရဲ့အနာဂတ်အတွက် အထောက်အကူဖြစ်မယ်လို့ ကျွန်တော်ထင်တယ်” လို့ သူကဆိုပါတယ်။