သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ရန် နယူးယောက်တွင်ဆန္ဒပြတောင်းဆို

" ဒါဟာ ကျွန်မတို့ရဲ့အနာဂတ်အတွက် အရေးပါတဲ့ အလှည့်အပြောင်းတစ်ရပ်ပြုလုပ်ဖို့ အခွင့်အရေးလို့မြင်တာကြောင့် ကျွန်မဒီနေ့ ဒီနေရာမှာရောက်နေတာဖြစ်ပါတယ်။ ကျွန်မအဓိကအလေးထားတာကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုရရှိရေးပါ။ ကျွန်မတို့သမ္မတဟာ သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်မမြင်ပါတယ်"

By Foreign Desk 18 Dec 2019

နောက်ထပ်ဆန္ဒပြပွဲပေါင်း ၆၀၀ ခန့်ကို နိုင်ငံတဝမ်းတွင် ဆက်လက်ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ (ဓာတ်ပုံ - AZ Vision)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ရန်တောင်းဆိုသည့် လူထုဆန္ဒပြပွဲတစ်ခု အင်္ဂါနေ့ည(ဒီဇင်ဘာ ၁၇ ရက်)က ပေါ်ပေါက်ခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့၌ သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ရန်အတွက် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်သွားရန်ရှိနေချိန်တွင် ထိုကဲ့သို့ ဆန္ဒပြပွဲပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

နယူးယောက်မြို့လယ်၊ မန်ဟက်တန်တွင်ပြုလုပ်ခဲ့သော ယင်းဆန္ဒပြပွဲတွင် လူပေါင်းထောင်နှင့်ချီ၍ ပါဝင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းနှင့် ထရမ့်ကိုစွပ်စွဲပြစ်တင်ရေးတောင်းဆိုသည့် နောက်ထပ်ဆန္ဒပြပွဲပေါင်း ၆၀၀ ခန့်ကို နိုင်ငံတဝမ်းတွင် ဆက်လက်ပြုလုပ်သွားရန် စီစဉ်ထားကြောင်း နယူးယောက်ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူများက ပြောကြားသည်။

" ဒါဟာ ကျွန်မတို့ရဲ့အနာဂတ်အတွက် အရေးပါတဲ့ အလှည့်အပြောင်းတစ်ရပ်ပြုလုပ်ဖို့ အခွင့်အရေးလို့မြင်တာကြောင့် ကျွန်မဒီနေ့ ဒီနေရာမှာရောက်နေတာဖြစ်ပါတယ်။ ကျွန်မအဓိကအလေးထားတာကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုရရှိရေးပါ။ ကျွန်မတို့သမ္မတဟာ သဘာဝပတ်ဝန်းကျင်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်မမြင်ပါတယ်" ဟု ဆန္ဒပြချီတက်သူများထဲမှ တစ်ဦးဖြစ်သည့် ၁၉ နှစ်အရွယ်ကျောင်းသူ ဆီရီနာဟာ့တ်ဇော့ ကပြောကြားသည်။

တိုင်းမ်ရင်ပြင်တွင်စုစည်းကြသော ဆန္ဒပြသမားများသည် " ထရမ့်ကိုစွပ်စွဲပြစ်တင်ပေး " ကဲ့သို့သော ဆောင်ပုဒ်များကို ကြွေးကြော်ကြပြီး "ဥပဒေအထက်တွင် ထရမ့်မရှိစေရ" ဟူသော စာတန်းများကိုလည်း ကိုင်စွဲထားကြသည်။

သမ္မတထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏အဓိကပြိုင်ဘက်တစ်ဦးဖြစ်သော ဒီမိုကရက်သမ္မတလောင်းလျာ နှင့် ဒုသမ္မတဟောင်းဂျိုးဘိုင်ဒင်ကို စုံစမ်းပေးရန် ယူကရိန်းနိုင်ငံအားတောင်းဆိုခြင်းဖြင့် သမ္မတအာဏာကို အလွဲသုံးစားပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြစ်တင်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့ပြင် ရီပက်ဗလစ်ကန်သမ္မတထရမ့်သည် ထိုအရေးကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းကို ပိတ်ပင်မှု စွဲချက်တစ်ခုနှင့်လည်း ရင်ဆိုင်ရလျက်ရှိသည်။

ဒီမိုကရက်တို့ ဦးဆောင်လျက်ရှိသော အောက်လွှတ်တော်သည် ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာလ ၁၈ ရက်)တွင် ထိုအချက် ၂ ချက်ဖြင့် ထရမ့်ကိုစွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး အတည်ပြုနိုင်ခဲ့ပါက ထိုကိစ္စရပ်ကို ရီပက်ဘလစ်ကန်တို့ဦးဆောင်သော အထက်လွှတ်တော်သို့ ဆက်လက်တင်သွင်းသွားမည်ဖြစ်ကာ ၎င်းကို သမ္မတရာထူးမှဖယ်ရှားခြင်း ပြု၊မပြုဆိုသည်ကို ကြားနာသွားမည်ဖြစ်သည်။

အထက်လွှတ်တော်အနေဖြင့် သမ္မတကို ရာထူးမှဖယ်ရှားရန် စီရင်ချက်ချသွားဖွယ်ရာမရှိပေ။

သမ္မတထရမ့်ကမူ သူ့အနေနှင့် မည်သည့်အမှားအယွင်းမျှ မလုပ်ထားကြောင်းနှင့် ဒီမိုကရက်တို့သည် တရားမဝင် တစ်ဖက်သက်အာဏာသိမ်းရန် ကြိုးစားနေသည်ဟု အင်္ဂါနေ့က ပြန်လည်စွပ်စွဲပြောကြားလိုက်သည်။